PSM (News)

ဇူလိုင် ၁၃၊၂၀၂၆

ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် စနေနေ့က ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပစ်ခတ်မှုတစ်ခုကြောင့် လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ အခင်းဖြစ်ပွားရာနေရာတွင် သေနတ်ဒဏ်ရာရရှိထားသူ ၅ ဦးကို တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် ၂ ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။ ကျန်ရှိနေသည့် ဒဏ်ရာရသူများ၏ ကျန်းမာရေးအခြေအနေကိုမူ ချက်ချင်းမသိရှိရသေးပေ။

အဆိုပါပစ်ခတ်မှုသည် တိုရွန်တိုမြို့အလယ်ပိုင်း၊ စိန့်ကလဲယားလမ်းမပေါ်တွင် ကျင်းပသည့် “Salsa on St. Clair” ခေါ် လက်တင်အမေရိက ယဉ်ကျေးမှုပွဲတော်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း CTV သတင်းဌာနက ဖော်ပြသည်။

အာဏာပိုင်များက ပြည်သူများအား အခင်းဖြစ်ပွားရာနေရာကို ရှောင်ရှားရန်နှင့် ရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာရန် တိုက်တွန်းထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး က အဆိုပါဖြစ်ရပ်အတွက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိကြောင်း X လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့ပြီး၊ ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့အား အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

“မိမိတို့၏ ချစ်ရသူများကို ဆုံးရှုံးလိုက်ရ၍ ဝမ်းနည်းကြေကွဲနေကြရသော မိသားစုဝင်များ၊ ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေရသူများနှင့် ဤကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် ဆုတောင်းပေးလျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

တိုရွန်တိုရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ပြီး နောက်ထပ်အချက်အလက်များ ရရှိလာပါက ထပ်မံထုတ်ပြန်ပေးသွားမည်ဟု ပြောကြားသည်။

ကိုးကား-Reuters

By Htet Ko