PSM(NEWS) ဧပြီ ၁၃၊ ၂၀၂၆ အရှေ့အလယ်ပိုင်းတွင် စစ်မီးတောက်လောင်နေမှုကြောင့် စွမ်းအင်ရရှိမည့် အခြားအရင်းအမြစ်များကို ရှာဖွေနေရာ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံမှ ရေနံစိမ်းများ ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း စက်မှုဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ “တိုးတက်မှုတွေ အတော်လေး ရှိနေပါပြီ၊ ဒါကြောင့် လာမယ့်အပတ် အစောပိုင်းမှာ ရရှိမယ့် ပမာဏနဲ့ အသေးစိတ် အချက်အလက်တွေကို ကျမတို့ ကြေညာနိုင်မှာပါ” ဟု စက်မှုဝန်ကြီး ကင်ဂျောင်ကွမ် က ဒေသတွင်း ရုပ်သံဌာနတစ်ခုဖြစ်သည့် KBS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ဟော်မုဇ် ရေလက်ကြားတွင် သင်္ဘောလိုင်းများ ပြတ်တောက်မှုများ ဖြစ်ပေါ်နေစဉ် ရေနံစိမ်းနှင့် နက်ဖ်သာ (Naphtha) များ ရရှိရန်အတွက် သမ္မတ၏ အမှုဆောင်အရာရှိချုပ် ကန်ဟွန်းဆစ် သည် ဝန်ကြီး ကင်ဂျောင်ကွမ် နှင့်အတူ ယခုလအစောပိုင်းတွင် ကာဇက်စတန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ကာဇက်စတန်သည် အလွန်ဝေးကွာသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အမေရိကန်မှ ရေနံတင်ပို့သည့် ကြာမြင့်ချိန်အတိုင်း ရက်ပေါင်း ၅၀ မှ ၆၀ ခန့်သာ ကြာမြင့်ကြောင်း၊ ဗဟိုအာရှနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်သည် ရေရှည်အတွက် ရေနံရရှိမည့် လမ်းကြောင်းများကို တိုးချဲ့ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဝန်ကြီး ကင် က ဖြည့်စွက်ပြောကြားသည်။ စွမ်းအင်အတွက် တင်သွင်းမှုအပေါ်တွင်သာ လုံးဝနီးပါး မှီခိုနေရပြီး ရေနံဝယ်ယူမှု၏ ၇၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေရသည့် တောင်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်လကလည်း ယူအေအီးနိုင်ငံမှ ရေနံစိမ်း စည် ၂၄ သန်း ပေးသွင်းရန် ကတိကဝတ်ကို ရရှိထားပြီးဖြစ်သည်။ ကိုးကား Reuters Post navigation အီရန်နိုင်ငံ၏ ရေနံချက်လုပ်နိုင်စွမ်း အများစုကို နှစ်လအတွင်း ပြန်လည်ကုစားမည်ဟု ရေနံဝန်ကြီးဌာန အရာရှိပြောကြား ဒီဇယ်နှင့် လေယာဉ်ဆီ တင်ပို့ခွန်များကို အိန္ဒိယ တိုးမြှင့်ကောက်ခံ