PSM (NEWS) ဧပြီ ၁၃၊ ၂၀၂၆ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့တွင် ၂၁ နာရီကြာ အရှိန်အဟုန်မြှင့် ဆွေးနွေးခဲ့ကြသော်လည်း အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ရေလမ်းကြောင်း ထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွင် သဘောထား ကွဲလွဲခဲ့ကြသဖြင့် ဆွေးနွေးပွဲမှာ အောင်မြင်မှုမရဘဲ ပြီးဆုံးခဲ့သည်။ ထိုသို့ သံတမန်ရေးအရ အဖြေမထွက်ခဲ့ပြီးနောက် သမ္မတ ထရမ့်က အမေရိကန် ရေတပ်အနေဖြင့် ဟော်မုဇ် ရေလက်ကြားသို့ ဝင်ထွက်သွားလာနေသည့် သင်္ဘောများကို စတင်ပိတ်ဆို့သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အီရန်အစိုးရထံ “တရားမဝင် ဆက်ကြေး” ပေးဆောင်၍ သွားလာနေသည့် မည်သည့် သင်္ဘောကိုမဆို ကြားဖြတ် စစ်ဆေးသွားမည် ဖြစ်သည်။ အီရန်ဘက်မှ ၎င်းတို့၏ သန့်စင်ပြီး ယူရေနီယံ လက်ကျန်များကို စွန့်လွှတ်ရန် ငြင်းဆိုခဲ့ခြင်းမှာ ဆွေးနွေးပွဲ ပျက်ပြားရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟု အမေရိကန် ဒုတိယ သမ္မတ ဂျေဒီဗန့်စ် က ဆိုသည်။ အီရန်ဘက်ကမူ ဆွေးနွေးပွဲ ပျက်ပြားရခြင်းမှာ အမေရိကန်၏ “မတရားသော တောင်းဆိုမှုများနှင့် ရည်မှန်းချက်များ” ကြောင့်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ စစ်ပွဲ စတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစ၍ ယခုအချိန်အထိ အီရန်နိုင်ငံအတွင်း လူပေါင်း ၃,၃၇၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။ တစ်ဖက်တွင်လည်း အစ္စရေးနှင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အရပ်သား သေဆုံးမှုများ ရှိနေဆဲဖြစ်သည်။ ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာကာ အာဖရိကနိုင်ငံများတွင် စက်သုံးဆီနှင့် မြေဩဇာဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။ အီရန်နိုင်ငံအတွင်း၌လည်း အစိုးရက အင်တာနက် ဖြတ်တောက်ထားသည်မှာ ၄၄ ရက်တိုင် ရှိလာပြီဖြစ်ကာ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ပိတ်ဆို့မှုအဖြစ် စံချိန်တင်ခဲ့သည်။ လက်ရှိတွင် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များ ပါကစ္စတန်မှ ထွက်ခွာသွားကြပြီ ဖြစ်သဖြင့် နီးကပ်သော ကာလအတွင်း နောက်ထပ် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် အလားအလာ နည်းပါးနေကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။ ကိုးကား CNN Post navigation ဒီဇယ်နှင့် လေယာဉ်ဆီ တင်ပို့ခွန်များကို အိန္ဒိယ တိုးမြှင့်ကောက်ခံ ဟော်မုဇ်ရေလက်ကြားသို့ ချဉ်းကပ်လာသည့် စစ်သင်္ဘောများကို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုအဖြစ် ရှုမြင်မည်ဟု အီရန်တော်လှန်ရေး အစောင့်တပ် သတိပေး