PSM(News)

မတ် ၁၃၊ ၂၀၂၆

ပဲခူးတိုင်း၊ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်အဖွဲ့များက ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုပြင်းထန်ကြောင်း BWM အဖွဲ့က ယနေ့ မတ် ၁၃ ရက် တွင် ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၁၂ ရက် ည ၁၁ နာရီ ၈ မိနစ်က BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) တို့သည် KNLA တပ်မဟာ (၂)၊ တပ်ရင်း -၅ နှင့် ပူးပေါင်းကာ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုကြောင့် ရှော့တိုက်ဒုံး ၁၃ လုံးမှာ လေတပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းကို BWM ၏ Mission 51 အဖြစ် သတ်မှတ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုမစ်ရှင်သည် စစ်ကော်မရှင်၏ လေယာဉ်ဆီလှောင်ကန်များနှင့် အရေးကြီးသည့် ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် လေတပ်အတွင်း ထိခိုက်မှုကြီးမားခဲ့သည်။

ထို့ကြောင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး ကိုယ်တိုင် ယနေ့ နံနက်အစောပိုင်းက လေတပ်စခန်းသို့ လာရောက်စစ်ဆေးခဲ့ပြီး သတင်းအစအန အပြင်မထွက်စေရန် ပြင်းထန်စွာ သတိပေးပိတ်ပင်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကော်မရှင်က လေယာဉ်ဆီရရှိရန် အကျပ်ရိုက်နေချိန်ကို အခွင့်ကောင်းယူပြီး လေတပ်နှင့် ဆီကန်များကို အင်တိုက်အားတိုက် တိုက်ခိုက်ခြင်းက တော်လှန်ရေးကို အမြန်ဆုံး အောင်နိုင်စေမည် ဖြစ်သည်” ဟု BWM အဖွဲ့က ဆိုသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုအားလုံး လေတပ်ပြိုလဲရေးမစ်ရှင်များကို ဝိုင်းဝန်းကြိုးပမ်း ကြရန် လည်း BWM က တိုက်တွန်းထားပြီ အထပ်ထပ်ပိတ်ဆို့မှုများကြားမှ နယ်မြေခံအဖွဲ့များ၏ အမာခံ ကူညီမှုကြောင့် ယခုကဲ့သို့ စစ်အုပ်စုကို ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

#တောင်ငူလေတပ်စခန်း

#BWM

#ရှော့တိုက်ဒုံး

#ပစ်ခတ်တိုက်ခိုက်

#တိုင်းမှူး

#လာရောက်စစ်ဆေး

#PSM_News

By Htet Ko