PSM (News)

ဇူလိုင် ၁၂ ၊၂၀၂၆

အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ စစ်ကောင်စီအား တရားဝင်မှုပေးသည့် လုပ်ဆောင်ချက်များကို ပယ်ချရန် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) က တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ပြုလုပ်မည့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုနှင့် စစ်ကောင်စီခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီးတို့၏ အလွတ်သဘောတွေ့ဆုံမှုနှင့် ပတ်သက်၍ APHR က ပြင်းထန်စွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် မြန်မာစစ်တပ်၏ လက်ကိုင်တုတ်လွှတ်တော်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ချပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးရန် အထူးကိုယ်စားလှယ်၏ တောင်းဆိုချက်ကို စစ်ကောင်စီက ငြင်းပယ်ထားသည့်ကြားမှ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်။

“အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ ထောင်ချောက်ထဲကို မကျရောက်သင့်ပါဘူး” ဟု အင်ဒိုနီးရှား လွှတ်တော်အမတ်နှင့် APHR ၏ ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန့်က ပြောကြားသည်။ “အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို တာဝန်ခံခိုင်းမယ့်အစား သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ လုပ်ရပ်တွေကိုပဲ အခွင့်အရေးပေးနေတာ အကြိမ်ကြိမ်ပါပဲ။”

ယခုကဲ့သို့ တွေ့ဆုံမှုမျိုးကို ဆက်လက်လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ ဆိုးရွားသော စံနမူနာတစ်ခု ဖြစ်လာနိုင်ကြောင်း APHR က သတိပေးထားသည်။

အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်က မိမိတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်ကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်ပြီးနောက် အဆင့်မြင့်စားပွဲဝိုင်းတွင် နေရာဆက်လက်ရရှိနေမည်ဆိုပါက အာဆီယံ၏ စုပေါင်းသဘောတူညီချက်များသည် အလိုအလျောက် ပျက်ပြယ်သွားပြီး အာဏာရှင်များအတွက် ညှိနှိုင်းစရာအဖြစ်သာ ကျန်ရှိတော့မည်ဖြစ်သည်။

APHR အနေဖြင့် ယနေ့ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ရန်နှင့် ဘုံသဘောတူညီချက် ၅ ရပ်ထက် ပိုမိုအားကောင်းပြီး လိုက်နာရန်မဖြစ်မနေလိုအပ်သည့် မူဘောင်သစ်တစ်ခုကို ဖော်ဆောင်ရန် အာဆီယံအား တိုက်တွန်းထားသည်။ ယင်းမူဘောင်တွင် လုပ်ဆောင်ရမည့်အချက်များ၊ သတ်မှတ်ချိန်များနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိပါက ရင်ဆိုင်ရမည့် အရေးယူမှုများကို ရှင်းလင်းစွာ ဖော်ပြရန် လိုအပ်သည်။ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ (၅) နှစ်တိုင်တိုင် ကျရှုံးခဲ့သော ချဉ်းကပ်ပုံမျိုးကို ထပ်မံမပြုလုပ်ဘဲ ပြတ်သားစွာ ရပ်တည်ရန် လိုအပ်နေကြောင်း APHR က အလေးပေးပြောကြားခဲ့သည်။

ကိုးကား-APHR

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed