PSM(News) ဇူလိုင် ၁၂၊၂၀၂၆ မစ်ဇူရီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် စခန်းချနေသူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်။ သောကြာနေ့က ဖြစ်ပွားခဲ့သော ရေကြီးမှုအတွင်း လက်စတာဗေးလ်မြို့ရှိ “Camp Taum Sauk နွေရာသီစခန်းမှ ကလေးငယ်များနှင့် ဝန်ထမ်း ၂၀၀ ကျော်မှာ လမ်းများရေတက်၍ ပြတ်တောက်သွားသဖြင့် ပိတ်မိနေခဲ့သည်။ ပြည်နယ်အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့၏ အဆိုအရ အမေရိကန်စစ်တပ် အမျိုးသားအစောင့်တပ် (Army National Guard) က Black Hawk ရဟတ်ယာဉ်များကို အသုံးပြု၍ ၎င်းတို့ကို အနီးဆုံး မူလတန်းကျောင်းသို့ ပို့ဆောင်ကာ မိသားစုများနှင့် ပြန်လည်တွေ့ဆုံပေးနိုင်ခဲ့သည်။ အဆိုပါစခန်းက ၎င်းတို့၏ Instagram စာမျက်နှာတွင် “ကျွန်ုပ်တို့၏ စခန်းမိသားစုကို ဘေးကင်းအောင် ကူညီပေးသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များကို အထူးကျေးဇူးတင်ရှိပါသည်” ဟု ဖော်ပြထားသည်။ ထို့အပြင် စိန့်လူးဝစ်မြို့၏ တောင်ဘက် မိုင် ၈၅ ခန့်အကွာ ဘလက်မြစ်အနီးရှိ Bearcat Getaway စခန်းတွင်လည်း ရေကြီးမှုကြောင့် အဆောက်အအုံတစ်ခုပေါ်သို့ တက်ရောက်ခိုလှုံခဲ့ရသူ ၂၀ ခန့်မှာ အဆိုပါအဆောက်အအုံ ပြိုကျမှုကြောင့် ရေထဲတွင် ပိတ်မိခဲ့ရပြီး ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်ခဲ့ရသည်။ ရိုင်နိုဒ်စ်ကောင်တီတွင်လည်း ဘလက်မြစ်အတွင်းရှိ သစ်ပင်များပေါ်တွင် ပိတ်မိနေသူ ၃ ဦးကို သောကြာနေ့ညနေပိုင်းတွင် ကယ်ဆယ်နိုင်ခဲ့သည်။ လက်ရှိအချိန်အထိ ပြင်းထန်သော ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှု သတင်းများ မရရှိသေးသော်လည်း၊ စိန့်လူးဝစ်မြို့၏ အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာ ခရော်ဖို့ဒ်ကောင်တီတွင် နေအိမ်တစ်လုံး ရေစီးနှင့်အတူ ပါသွားခဲ့ပြီးနောက် အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အမျိုးသားမိုးလေဝသဌာန (NWS) ၏ စိန့်လူးဝစ်ရုံးမှ မိုးလေဝသပညာရှင် မတ်ဘိတ်ချာ ၏ အဆိုအရ အဆိုပါဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မိုးရေချိန် ၆ လက်မမှ ၁၂ လက်မအထိ ရှိခဲ့ပြီး ရုတ်တရက် ရေကြီးနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ ကိုးကား-AP Post navigation အာဆီယံအနေဖြင့် စစ်ကောင်စီ၏ ထောင်ချောက်ထဲသို့ မကျရောက်သင့်ကြောင်း APHR တိုက်တွန်း ဘယ်လင်ဟမ်၏ သွင်းဂိုးနှစ်ဂိုးဖြင့် နော်ဝေးကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ တက်လှမ်း