PSM (News)

ဇူလိုင် ၁၂ ၊ ၂၀၂၆

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ ဖူးကွက် ကျွန်းအနီးတွင် စနေနေ့က ခရီးသည်တင်လှေတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အိန္ဒိယနိုင်ငံသား ခရီးသွား ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များကို ကိုးကား၍ VnExpress သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ လှေပေါ်တွင် အိန္ဒိယနိုင်ငံသား ခရီးသွား ၃၂ ဦး၊ သင်္ဘောသား ၃ ဦးနှင့် ဝန်ထမ်း ၁ ဦး စုစုပေါင်း လူ ၃၆ ဦး လိုက်ပါသွားခဲ့ပြီး ယင်းဖြစ်စဉ်အတွင်း လူ ၂၁ ဦး အသက်ရှင်ကျန်ရစ်ခဲ့သည်။

လှေသည် ဟွန်မေရတ်ကျွန်းမှ အန်ထွိုင် ဆိပ်ကမ်းသို့ ဦးတည်သွားနေစဉ် ကမ်းခြေမှ မီတာ ၄၀၀ (၄၄၀ ကိုက်) ခန့်အကွာတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားချိန်တွင် ပင်လယ်ပြင်၌ လှိုင်းကြီးပြီး ရာသီဥတုအခြေအနေ ဆိုးရွားနေကြောင်း VnExpress ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဗီယက်နမ်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယင်းဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး၊ ထိခိုက်ခံစားရသည့် မိသားစုဝင်များအား ကူညီပေးနိုင်ရန် ဟိုချီမင်းမြို့နှင့် ဟနွိုင်းမြို့တို့တွင် အရေးပေါ်တုံ့ပြန်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သံရုံး၏ ထုတ်ပြန်ချက်တွင် “ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပါသည်” ဟု ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သော ဖူးကွက်ကျွန်းသည် လတ်တလောနှစ်များအတွင်း အိန္ဒိယနိုင်ငံသား ခရီးသွားများ အများဆုံး လာရောက်လည်ပတ်သည့် ခရီးစဉ်တစ်ခု ဖြစ်လာခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed