PSM (News)

ဇူလိုင် ၁၂ ၊၂၀၂၆

အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်ဖြစ်သူ အာယာတိုလာ မိုဂျတာဘာ ခါမေနီ သည် ၎င်း၏ဖခင်နှင့် ယခင်ခေါင်းဆောင်ဖြစ်သူ အာယာတိုလာ အလီခါမေနီ သေဆုံးမှုအတွက် လက်စားချေမည်ဟု စနေနေ့တွင် ရေးသားထားသော ကြေညာချက်တစ်စောင်ဖြင့် ခြိမ်းခြောက်လိုက်သည်။

သို့သော်လည်း ယင်းလက်စားချေမှုသည် အီရန်တစ်နိုင်ငံတည်းအပေါ်တွင်သာ မူတည်နေခြင်းမဟုတ်ဘဲ “ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်သော ပြည်သူများ” အပေါ်တွင်လည်း မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဖခင်ဖြစ်သူ၏ ဈာပနအခမ်းအနားများ စတင်ခဲ့သည့် တစ်ပတ်အတွင်း အမြင့်ဆုံးခေါင်းဆောင်၏ ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်သော ယင်းကြေညာချက်ကို နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ဖတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ လက်စားချေခြင်းသည် “နိုင်ငံတော်၏ တောင်းဆိုချက်” ဖြစ်ကာ “မဖြစ်မနေ လုပ်ဆောင်ရမည်” ဖြစ်ကြောင်း ပါရှိသည်။

အာယာတိုလာ အလီခါမေနီသည် စစ်ပွဲစတင်ချိန် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

“အာဇာနည် ခေါင်းဆောင်ကြီးနှင့် ဤစစ်ပွဲနှစ်ခုအတွင်း ကျဆုံးသွားခဲ့ရသူအားလုံး၏ သွေးကြွေးကို ရာဇဝတ်ကောင်များနှင့် ဂုဏ်သိက္ခာမဲ့သော လူသတ်သမားများထံမှ ကျွန်ုပ်တို့ လက်စားချေပါမည်ဟု ကတိပြုပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မတ်လ ၈ ရက်နေ့တွင် အမြင့်ဆုံးခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက်ပိုင်း အများပြည်သူရှေ့မှောက်တွင် မတွေ့ရတော့သည့် မိုဂျတာဘာ ခါမေနီသည် ယင်းတိုက်ခိုက်မှုအတွင်း မျက်နှာတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့်သတင်းရင်းမြစ်များက ဆိုသည်။

“ကျွန်ုပ်တို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤတာဝန်ကို အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ မကြာမီ ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်သော လူသားတိုင်းသည် ဤမြင့်မြတ်သော တာဝန်၏ တစ်စိတ်တစ်ပိုင်းကို ထမ်းဆောင်သွားကြလိမ့်မည်” ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်နှင့် အီရန်တပ်ဖွဲ့များအကြား ယခုသီတင်းပတ်အတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းက လေးလကြာ စစ်ပွဲကို အဆုံးသတ်ရန် ဝါရှင်တန်နှင့် တီဟီရန်တို့ သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးအပေါ် သံသယများ ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed