PSM (NEWS)

ဧပြီ ၁၂၊ ၂၀၂၆

အီရန်နိုင်ငံ၏ အဓိပတိသစ် မိုဂျတာဘာ ခါမေနီ သည် ၎င်း၏ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိခဲ့သော မျက်နှာနှင့် ခြေထောက် ဒဏ်ရာပြင်းထန်မှုများမှ ပြန်လည်သက်သာလာရန် ကြိုးစားနေရဆဲဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ် သုံးခုက ရိုက်တာသို့ ပြောကြားခဲ့သည်။

တီဟီရန်မြို့လယ်ရှိ အဓိပတိ၏ အဆောက်အအုံဝင်းအတွင်း တိုက်ခိုက်ခံရမှုကြောင့် အသက် ၅၆ နှစ်အရွယ်ရှိ မိုဂျတာဘာ ခါမေနီ ၏ မျက်နှာတွင် ပုံပျက်ပန်းပျက်ဖြစ်စေသည့် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ခြေထောက်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံးတွင်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ဆိုသည်။

၎င်းသည် ဒဏ်ရာများမှ ပြန်လည်သက်သာလာနေပြီး စိတ်ပိုင်းဆိုင်ရာအရလည်း နိုးကြားဖျတ်လတ်မှု ရှိနေဆဲဖြစ်သည်။ လက်ရှိတွင် အဆင့်မြင့်အရာရှိကြီးများနှင့် အသံဖြင့် အစည်းအဝေး (Audio Conferencing) များ ပြုလုပ်နေပြီး ဝါရှင်တန်နှင့် ဆွေးနွေးပွဲများ အပါအဝင် အဓိက ဆုံးဖြတ်ချက်များတွင် ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။

မိုဂျတာဘာ ခါမေနီသည် စစ်ပွဲစတင်သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ၁၉၈၉ ခုနှစ်မှစ၍ အုပ်ချုပ်ခဲ့သော ၎င်း၏ဖခင် အယာတိုလာ အလီ ခါမေနီ အပြင် မိုဂျတာဘာ ခါမေနီ ၏ဇနီးနှင့်ဆွေမျိုးသားချင်း အချို့လည်း သေဆုံးခဲ့သည်။

အီရန်အစိုးရပိုင် ရုပ်သံလိုင်းတွင် ၎င်းအားအဓိပတိအဖြစ်ခန့်အပ်ကြောင်းကြေညာရာ၌ စစ်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိသူများကို ရည်ညွှန်းသည့် “ဂျန်ဘတ်စ်” (janbaz) ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြခဲ့သည်။

အမေရိကန် ထောက်လှမ်းရေးအကဲဖြတ်ချက်များအရ ၎င်းသည် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ဖွယ်ရှိသည်ဟု ယူဆရသော်လည်း အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed