PSM(NEWS) ဧပြီ ၁၁၊ ၂၀၂၆ ၁၉၇၉ ခုနှစ် အီရန်အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ထိပ်သီးအဆင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံသည့်တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်၌ ယနေ့ စတင်ကျင်းပလျက်ရှိသည်။ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်နှင့် ဦးစွာတွေ့ဆုံခဲ့ပြီးနောက် အီရန်ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အီရန်ဘက်မှ ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ် နှင့် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီတို့တက်ရောက်ခဲ့ကြသည်။ ကနဦးတွင် ပါကစ္စတန် ကြားဝင်စေ့စပ်သူများကတစ်ဆင့် သီးခြားစီ သတင်းစကားပါးရန် စီစဉ်ထားသော်လည်း ယခုအခါ နှစ်ဖက်ကိုယ်စားလှယ်များ တိုက်ရိုက်မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ကန့်သတ်ရန်နှင့် ဘေရွတ်မြို့ပေါ်သို့ ထပ်မံတိုက်ခိုက်မှုများ မပြုလုပ်ရန် အခြေခံသဘောတူညီချက် အချို့ ရရှိထားကြောင်း သိရသည်။ အီရန်ပိုင် ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးရေးနှင့်ပတ်သက်၍ တိုးတက်မှုအချို့ ရှိနေကြောင်း အီရန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမေရိကန် ရေတပ်သင်္ဘောများ ရေလက်ကြားအား ဖြတ်သန်းသွားလာသည်ဆိုသည့် သတင်းကို အီရန်စစ်ဘက်က ငြင်းဆိုထားသည်။ ဆွေးနွေးပွဲများစတင်နေစဉ်အတွင်း အမေရိကန်သမ္မတ ထရန့်၏ လူမှုကွန်ရက်ပေါ်မှ ပြင်းထန်သော ရေးသားမှုများက ဆွေးနွေးပွဲကို တင်းမာစေခဲ့သည်။ အလားတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အီရန်အရာရှိဟောင်းများ၏ ဆွေမျိုးသားချင်းအချို့ကို ပြည်နှင်ဒဏ်ပေးရန် စီစဉ်နေခြင်းကလည်းတင်းမာမှုကို မြင့်တက်စေသည့် အချက်တစ်ချက် ဖြစ်နေသည်။ နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့များသည် ဆွေးနွေးပွဲကို ခေတ္တရပ်နားထားပြီး ညစာစားပွဲတွင် ဆက်လက်ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။ ကိုးကား Aljazeera Post navigation အစ္စရေးနှင့် တိုက်ရိုက်ဆွေးနွေးရန် ဟစ်ဇ်ဘိုလာအဖွဲ့ ငြင်းဆို အီရန်၏ အဓိပတိသစ် မိုဂျတာဘာ ခါမေနီ ပြင်းထန်သော ဒဏ်ရာများ ရရှိထားဟု သတင်းရင်းမြစ်များ ပြောကြား