PSM(NEWS)

ဧပြီ ၁၂၊ ၂၀၂၆

တရုတ်နိုင်ငံသည် လာမည့်သီတင်းပတ် အနည်းငယ်အတွင်း အီရန်နိုင်ငံသို့ လေကြောင်းကာကွယ်ရေး စနစ်သစ်များ ပေးပို့ရန် ပြင်ဆင်နေကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ညွှန်ပြနေသည်ဟု လတ်တလော ထောက်လှမ်းရေး အကဲဖြတ်ချက်များကို သိရှိနားလည်သည့် သတင်းရင်းမြစ် သုံးခုကို ကိုးကား၍ CNN သတင်းဌာနက သောကြာနေ့ နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ လက်နက်များ မည်သည့်နေရာမှ လာသည်ကို ဖုံးကွယ်ရန်အတွက် တရုတ် အနေဖြင့် တတိယနိုင်ငံများကို ကြားခံထား၍ ပို့ဆောင်ရန် လုပ်ဆောင်နေသည့် အရိပ်အယောင်များရှိကြောင်းလည်း အဆိုပါ သတင်းကွန်ရက်က ဖော်ပြသည်။

တရုတ်အနေဖြင့် ပခုံးထမ်းလေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်များ (MANPADs)ကိုလွှဲပြောင်းပေးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ CNN က ဆိုသည်။

အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့သည် ခြောက်သီတင်းပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန်အတွက် ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ် တွင် စနေနေ့၌ အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ထားချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိမ်ဖြူတော်၊ ဝါရှင်တန်ရှိ တရုတ်သံရုံးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

ကိုးကား Reuters

By Htet Ko