PSM(NEWS)

ဧပြီ ၁၂၊၂၀၂၆

အီရန်နိုင်ငံနှင့် ၂၁နာရီကြာ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့သည့်အတွက် မိမိတို့၏ ညှိနှိုင်းရေးအဖွဲ့သည် ပါကစ္စတန်နိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

ဆွေးနွေးပွဲများတွင် လိုအပ်ချက်များရှိနေကြောင်း ဗန့်စ်က ထောက်ပြခဲ့ပြီး နျူကလီးယားလက်နက် မထုတ်လုပ်ရေး အပါအဝင် အမေရိကန်၏ စည်းကမ်းချက်များကို လက်ခံရန် အီရန်ဘက်က ငြင်းဆန်ခဲ့ကြောင်း ဆိုသည်။

“သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီမှု မရခဲ့တာပါပဲ။ ဒါဟာ အမေရိကန် ပြည်ထောင်စုထက် အီရန်အတွက် ပိုပြီးသတင်းဆိုးဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သဘောတူညီမှုမရဘဲ အမေရိကန်ကို ပြန်ပါမယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးသတ်မှတ်ချက် (Red lines) တွေက ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ” ဟု ဗန့်စ် က ပြောကြားသည်။

သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗန့်စ် က “ကျွန်တော်တို့ ဒီကနေ ထွက်ခွာတဲ့အခါ ရိုးရှင်းတဲ့ အဆိုပြုချက်တစ်ခု၊ နားလည်မှု နည်းလမ်းတစ်ခုကို ချန်ထားခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ဘက်က အကောင်းဆုံးနဲ့ နောက်ဆုံးကမ်းလှမ်းချက်ဖြစ်ပြီး အီရန်ဘက်က လက်ခံမလားဆိုတာ စောင့်ကြည့်ရမှာပါ” ဟု ထည့်သွင်းပြောဆိုသည်။

၎င်းက ဆက်လက်၍ “ရိုးရှင်းတဲ့ အချက်ကတော့ သူတို့အနေနဲ့ နျူကလီးယားလက်နက် ရှာဖွေမှာမဟုတ်ဘူးဆိုတာရယ်၊ နျူကလီးယားလက်နက်ကို အချိန်တိုအတွင်း ရရှိစေမယ့် နည်းပညာရပ်တွေကို ရှာဖွေမှာမဟုတ်ဘူး ဆိုတာရယ်ကို ခိုင်မာတဲ့ ကတိကဝတ်ပြုဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

“အဓိက မေးခွန်းကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် မထုတ်လုပ်ဖို့ အခြေခံကျတဲ့ ကတိကဝတ် ရှိရဲ့လားဆိုတာပါပဲ။ အခု လောလောဆယ်တင်မကဘူး၊ နောက်ထပ် ၂ နှစ်အတွင်းတင် မဟုတ်ဘဲ ရေရှည်အတွက်ကို ပြောတာပါ။ ဒါကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ တွေ့ရဖို့တော့ မျှော်လင့်ပါတယ်” “ကျွန်တော်တို့ဘက်က တော်တော်လေး လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

သမ္မတကလည်း ‘မင်းတို့ အဲ့ဒီကို ရိုးသားတဲ့စိတ်နဲ့သွားပြီး သဘောတူညီမှုရအောင် အကောင်းဆုံးကြိုးစားပါ’ လို့ မှာကြားခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ တိုးတက်မှုတစ်စုံတစ်ရာ မရရှိခဲ့ပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား Kuwait Times

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed