PSM (NEWS)

ဧပြီ ၁၂၊ ၂၀၂၆

၁၉၇၉ ခုနှစ် အမေရိကန်သံရုံး စီးနင်းခံရမှုနှင့် ဓားစာခံဖြစ်ရပ်တွင် ပါဝင်ခဲ့သည့်အီရန်ပြောရေးဆိုခွင့်ရှိသူနှင့်ဆက်နွှယ်နေသောမိသားစုဝင်များ၏ အမြဲတမ်းနေထိုင်ခွင့် (Green Card)ကိုရုပ်သိမ်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ကြေညာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အရ အဆိုပါ ပုဂ္ဂိုလ်များကိုလက်ရှိတွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အာဏာပိုင်အဖွဲ့ (ICE) က ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို အမေရိကန်နိုင်ငံအတွင်းမှ နှင်ထုတ်ရန်အတွက် ပြည်နှင်ဒဏ်ပေးမည့် အစီအစဉ်များကို ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်သည်။

ယခု နေထိုင်ခွင့် ရုပ်သိမ်းခံရသူများသည် ၁၉၇၉ ခုနှစ်က အမေရိကန်သံရုံးကို စီးနင်းခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ မာဆိုမေး အက်တီကာ ၏ သားဖြစ်သူ အီဆာ ဟာရှီမီနှင့် ၎င်း၏ ဇနီး၊သားဖြစ်သူတို့ဖြစ်ကြသည်။

၎င်းတို့သည် ၂၀၁၄ ခုနှစ် အိုဘားမားအစိုးရလက်ထက်တွင် ဗီဇာရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မတူကွဲပြားမှုဆိုင်ရာဗီဇာအစီအစဉ် (Diversity Visa)ဖြင့်အမြဲတမ်းနေထိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မာကိုရူဘီယိုက “ကျွန်ုပ်တို့နိုင်ငံမှာ နေထိုင်ခွင့်ရတဲ့ ထူးခြားတဲ့ အခွင့်အရေးကို ဒီလိုလူမျိုးတွေ ဘယ်တော့မှ မရရှိသင့်ပါဘူး” ဟု လူမှုကွန်ရက်တွင် ရေးသားကာ ၎င်းတို့အား ပြည်နှင်ဒဏ်ပေးမည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။

ကိုးကား Fox News

By Htet Ko