PSM(NEWS) မတ် ၁၁ ၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားအနီး ပင်လယ်ပြင်တွင် ထိုင်းနိုင်ငံပိုင် ကုန်တင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ထိုင်းသင်္ဘောသား ၂၃ ဦးအား ကယ်ဆယ်နိုင်ရန် အရေးပေါ် ဆောင်ရွက်နေကြောင်း ထိုင်းတော်ဝင်ရေတပ် (Royal Thai Navy) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်အဆင့် ပရာရတ် ရတ်တနချိုင်ဖန်က ယနေ့တွင် ထုတ်ပြန်ရာ၌ ယနေ့ မနက် ၁၁ နာရီခန့်တွင် ထိုင်းနိုင်ငံအလံတပ်ထားသော ကုန်ပစ္စည်းတင်သင်္ဘော အမျိုးအစား ကုန်တင်သင်္ဘော “မယူရီနာရီ” (Mayuree Naree) သည် ဟော်မုဇ်ရေလက်ကြား အနီး ပင်လယ်ပြင်တွင် ခရီးဆက်နေစဉ် တိုက်ခိုက်ခံခဲ့ရကြောင်း ပြောသည်။ အဆိုပါ သင်္ဘောသည် တန်ချိန် ၃၀,၀၀၀ ခန့်ရှိပြီး Precious Shipping Public Company Limited က ပိုင်ဆိုင်သော သင်္ဘောဖြစ်သည်။ ယင်းသင်္ဘောသည် ယနေ့ မနက် ၃ နာရီတွင် အာရပ်စော်ဘွားများပြည်ထောင်စုရှိ ခါလီဖာ ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖြစ်စဉ်အကြောင်း သတင်းရရှိပြီးနောက် ထိုင်းရေတပ်သည် နိုင်ငံတကာရေကြောင်းလုံခြုံရေး ပူးပေါင်းတပ်ဖွဲ့ Combined Maritime Forces (CMF) တွင် တာဝန်ထမ်းဆောင်နေသည့် ဆက်သွယ်ရေးအရာရှိများမှတဆင့် မတ်စကတ် မြို့ရှိ ထိုင်းသံရုံးနှင့် ချိတ်ဆက်ကာ အရေးပေါ် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အိုမန်ရေတပ် က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး သင်္ဘောသား ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ကျန်ရှိသည့် ၃ ဦးကို ဆက်လက် ကယ်ဆယ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ကယ်ဆယ်ထားပြီးသော ထိုင်းသင်္ဘောသား ၂၀ ဦးကို အိုမန်နိုင်ငံရှိ ခါဆဘ် မြို့သို့ ခေါ်ဆောင်သွားကာ လုံခြုံရေးနှင့် စောင့်ရှောက်မှုများ ပေးထားကြောင်းလည်း ဖော်ပြထားသည်။ သင်္ဘောတိုက်ခိုက်ခံရသည့် အကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထိုင်းရေတပ်သည် ဖြစ်ပေါ်နေသည့် အခြေအနေကို နီးကပ်စွာ စောင့်ကြည့်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ကိုးကား/ဓာတ်ပုံ Royal Thai Navy statement #ဟော်မုဇ်ရေလက်ကြား #ထိုင်းကုန်တင်သင်္ဘော #Mayuree_Naree #တိုက်ခိုက်ခံရ #သင်္ဘောသား_၂၃_ဦး #ကယ်ဆယ်ရေးဆောင်ရွက် #PSM_News Post navigation တိုရွန်တိုမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးတွင်သေနတ်ဖြင့် ပစ်ခတ်ခံရ ခြောက်နှစ်ကြာတင်းမာမှုများအပြီး အိန္ဒိယက တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အချို့ ဖြေလျှော့