PSM(NEWS) ဧပြီ ၁၁၊ ၂၀၂၆ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေသော သင်္ဘောများအား ဖြတ်သန်းခ ကောက်ခံခြင်းသည် “အန္တရာယ်ရှိသော အစဉ်အလာ”တစ်ခု ဖြစ်လာနိုင်ပြီး နိုင်ငံများအနေဖြင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို မဟန့်တားသင့်ကြောင်း ကုလသမဂ္ဂ သင်္ဘောသွားလာရေး အေဂျင်စီ က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့ကြား ယခုသီတင်းပတ်အတွင်း နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက် အီရန်အရာရှိများက ရေလက်ကြားအား အသုံးပြုခ ကောက်ခံရန် စိတ်ကူးကို တင်ပြလာခြင်းဖြစ်သည်။ “နိုင်ငံတကာ ရေလက်ကြားတွေကို ဖြတ်သန်းသွားလာတဲ့အခါ ဖြတ်သန်းခ ကောက်ခံနိုင်တယ်ဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်မျိုးမရှိပါဘူး။ အခုလို ကောက်ခံမယ်ဆိုရင် ဒါဟာ အန္တရာယ်ရှိတဲ့ လုပ်ထုံးလုပ်နည်း အမှားတစ်ခု ဖြစ်သွားပါလိမ့်မယ်”ဟု ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (International Maritime Organization – IMO) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ IMO အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတကာ ရေကြောင်းသွားလာမှုဆိုင်ရာ စည်းမျဉ်းများကို သတ်မှတ်ထားသည့် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS)ကို လက်ခံကျင့်သုံးကြသည်။ “UNCLOS အရ သင်္ဘောတွေဟာ နိုင်ငံတကာ ရေလက်ကြားတွေကို ဖြတ်သန်းသွားလာခွင့် ရှိပါတယ်။ ရေလက်ကြားနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေအနေနဲ့အဲဒီအခွင့်အရေးကို နှောင့်နှေးကြန့်ကြာအောင်လုပ်တာ ဒါမှမဟုတ် ရပ်ဆိုင်းထားတာမျိုး မလုပ်ဆောင်ရပါဘူး” ဟု IMO ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။ ကိုးကား Reuters Post navigation ပနားမားဆိပ်ကမ်းအရေး တရုတ်၏ တုံ့ပြန်မှုအပေါ် အချုပ်အခြာအာဏာကို လေးစားရန် ပနားမားတောင်းဆို တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာစေရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကင်ဂျုံအန်းတို့ တွေ့ဆုံဆွေးနွေး