PSM(NEWS)

ဧပြီ ၁၁၊၂၀၂၆

တရုတ်နိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံတို့သည်အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များတွင် ဆက်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့်သောကြာနေ့တွင်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဝန်ကြီး ဝမ်ယိ သည်ကြာသပတေးနေ့မှစတင်ကာ ပြုံယမ်းမြို့သို့နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

ဤခရီးစဉ်သည် COVID-19 ကပ်ရောဂါကြောင့် ရပ်တန့်နေခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်မြှင့်တင်ရန်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“မတည်ငြိမ်ပြီး ရှုပ်ထွေးလှတဲ့ နိုင်ငံတကာအခြေအနေတွေကြားမှာ တရုတ်နဲ့မြောက်ကိုရီးယားဟာ အဓိကကျတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းရေးရာတွေမှာ ဆက်သွယ်ဆောင်ရွက်မှုနဲ့ ညှိနှိုင်းမှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သင့်ပါတယ်” ဟု ဝမ်ယိက ခေါင်းဆောင် ကင်ဂျုံအန်းကို ပြောကြားခဲ့ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် အပြန်အလှန် ဖလှယ်မှုများနှင့် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးဝမ်ယိသည် ကြာသပတေးနေ့က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့ပြီး ပြုံယမ်းနှင့် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားရန် ကတိပြုခဲ့သည်။

ဝမ်ယိ၏ ဤခရီးစဉ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရှေ့လတွင် တရုတ်နိုင်ငံသို့ လာရောက်ရန် ရှိနေစဉ်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သမ္မတ ထရမ့်သည် ယခင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့ဖူးသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed