PSM(NEWS) ဧပြီ ၁၁၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးရန် ပြည်ပသို့ ထွက်ခွာလာစဉ်အတွင်း အမေရိကန်အပေါ် အခွင့်ကောင်းယူလှည့်ဖြားခြင်းမပြုရန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အီရန်ကို သောကြာနေ့တွင် သတိပေးလိုက်သည်။ အီရန်နိုင်ငံ၏ ယဉ်ကျေးမှုတစ်ရပ်လုံးကို အမြစ်ပြတ်ချေမှုန်းပစ်မည်ဟူသော သမ္မတ ဒေါ်နယ်ထရမ့်၏ တုန်လှုပ်ဖွယ် ခြိမ်းခြောက်မှုများ အပြီးတွင်၊ ၎င်း၏ လူယုံတစ်ဦးဖြစ်သူ ဗန့်စ်ကို စစ်ပွဲအဆုံးသတ်ရေး အဖြေရှာရန် ထရမ့်က တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားစစ်ရေး စွက်ဖက်မှုများအပေါ် သံသယရှိလေ့ရှိသည့် ဗန့်စ်သည် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်မည့် အီရန်နှင့် ကြားဝင်စေ့စပ်ရေး ဆွေးနွေးပွဲများကို ဦးဆောင်ရန် သောကြာနေ့တွင် ထွက်ခွာသွားခဲ့သည်။ ပါကစ္စတန်သို့ သွားရောက်မည့် လေယာဉ်ပေါ်သို့ မတက်မီ ဗန့်စ်က ဆွေးနွေးပွဲကို မျှော်လင့်ထားကြောင်းနှင့် အပြုသဘောဆောင်သည့် ရလဒ်ထွက်လာမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ သမ္မတထရမ့်၏ ပြောဆိုချက်ကို ကိုးကား၍ ဗန့်စ်က အီရန်ဘက်က ရိုးသားစွာ ဆွေးနွေးလိုစိတ်ရှိပါက အမေရိကန်ဘက်ကလည်း လက်ကမ်းကြိုဆိုရန် အသင့်ရှိကြောင်း ပြောဆိုခဲ့သည်။ သို့သော် ၎င်းက ဆက်လက်၍ အကယ်၍အီရန်တို့အနေဖြင့် အမေရိကန်ကို လှည့်ဖြားရန် ကြိုးစားလာပါက ဆွေးနွေးရေးအဖွဲ့အနေဖြင့် လက်ခံလိမ့်မည်မဟုတ်ကြောင်း ထည့်သွင်းသတိပေးခဲ့သည်။ ဆွေးနွေးပွဲများ မည်သို့သွားရမည်နှင့် ပတ်သက်၍ ထရမ့်က ၎င်းကို ရှင်းလင်းသည့် လမ်းညွှန်ချက်များ ပေးထားကြောင်း ဗန့်စ်ကဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ယခုခရီးစဉ်သည် မတည်မငြိမ်ဖြစ်နေသည့် ယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြားလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကိုးကား AP Post navigation တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာစေရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကင်ဂျုံအန်းတို့ တွေ့ဆုံဆွေးနွေး အစ္စရေးနှင့် တိုက်ရိုက်ဆွေးနွေးရန် ဟစ်ဇ်ဘိုလာအဖွဲ့ ငြင်းဆို