PSM (News) စက်တင်ဘာ ၁၀၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၊ အာနာ့ခ် ကရာခါတောင်မီးတောင်ပေါက်ကွဲမှုကို သတင်းသွားယူကြသည့် သတင်းထောက် (၅) ဦး အပါအဝင် လူ (၈) ဦး စက်တင်ဘာ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက အပြင်းအထန် ရှာဖွေလျက်ရှိကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ အဆိုပါအဖွဲ့သည် တနင်္လာနေ့ နေ့လယ်ပိုင်းက မြို့တော်ဂျာကာတာအနီးမှ စပိဘုတ်ရေယာဉ်တစ်စီးဖြင့် ထွက်ခွာသွားခဲ့ကြခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသလို သင်္ဘောပိုင်ရှင်အနေဖြင့်လည်း သင်္ဘောသားတွေဆီက တစ်စုံတစ်ရာ အချက်အလက်မျှ မရရှိသေးကြောင်း သိရသည်။ လွန်ခဲ့သည့် စနေနေ့ကတည်းက စတင်ပေါက်ကွဲခဲ့သည့် အဆိုပါ မီးတောင်ကြောင့် လေဆိပ်အချို့ ပိတ်ထားရပြီး ဂျာကာတာမြို့နှင့် အနီးတစ်ဝိုက် မြို့များကို မီးတောင်ပြာများ ဖုံးလွှမ်းသွားခဲ့ရာ ဒေသတွင်း သတင်းဌာနအသီးသီးမှ သတင်းထောက်များသည် ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ရယူရန် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။ ပျောက်ဆုံးနေသူများထဲတွင် အင်ဒိုနီးရှား အမျိုးသားသတင်းဌာန (Antara)၊ တူရကီနိုင်ငံပိုင် သတင်းဌာန (Anadolu) နှင့် ဒေသတွင်း (iNews) ဝက်ဘ်ဆိုက်တို့မှ သတင်းထောက်များ ပါဝင်နေသည်။ ကယ်ဆယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသူတစ်ဦးသည် တနင်္လာနေ့ နေ့လယ် ၃ နာရီအချိန်က လုပ်ဖော်ကိုင်ဖက်တစ်ဦးထံ ဆက်သွယ်၍ ၎င်းတို့၏ တည်နေရာကို မျှဝေခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကယ်ဆယ်ရေးသမားများ၊ ရဲတပ်ဖွဲ့နှင့် စပိဘုတ်ပိုင်ရှင် ကုမ္ပဏီတို့ ပူးပေါင်းကာ ရှာဖွေမှုများ ပြုလုပ်နေကြသည်။ ဒေသန္တရ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၏ အကြီးအကဲ အယ်လ် အမ်မရက် က အဆိုပါ ရေယာဉ်ပေါ်တွင် သတင်းထောက် (၅) ဦး၊ သင်္ဘောသား (၂) ဦးနှင့် လမ်းပြတစ်ဦး စုစုပေါင်း (၈) ဦး လိုက်ပါသွားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ မီးတောင်ပြာကျမှုဒဏ်အပြင် ရေပြင်ထက်တွင် လှိုင်းလေထန်ခြင်းနှင့် မြင်ကွင်းမကောင်းမွန်ခြင်းတို့ကြောင့် ရှာဖွေရေးလုပ်ငန်းများ အခက်အခဲကြုံတွေ့နေရသဖြင့် ညပိုင်းတွင် ရှာဖွေမှုကို ခေတ္တရပ်နားခဲ့ပြီး ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း Kompas TV သတင်းဌာနသို့ ပြောကြားခဲ့သည်။ အင်ဒိုနီးရှား အမျိုးသားသတင်းဌာန (Antara) ကလည်း ၎င်းတို့၏ ဓာတ်ပုံသတင်းထောက် မူဟာမက် ဘာဂုစ် ကိုရီရူနတ်မှာ ပျောက်ဆုံးနေသည့် ရေယာဉ်ပေါ်ပါ ခရီးသည်များစာရင်းတွင် ပါဝင်ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။ ကိုးကား – AFP Post navigation အင်ဒိုနီးရှားနိုင်ငံ၏တောမီးလောင်ကျွမ်းမှုဆိုင်ရာ ထုတ်လွှတ်မှုများ ကမ္ဘာ့အမြင့်ဆုံးသို့ ရောက်ရှိ ထိုင်းနိုင်ငံ၊အယုဒ္ဓယကျောင်းထိုင်ဆရာတော် ငွေကြေးခဝါချမှုနှင့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲမှုတို့ဖြင့် ဖမ်းဆီးခံရ