PSM (NEWS)

ဧပြီ ၁၀၊၂၀၂၆

အမေရိကန်၊ အီရန်နှင့် အစ္စရေးနိုင်ငံတို့အကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များအပေါ် သဘောထားကွဲလွဲမှုများ ရှိနေခြင်းကြောင့် ကမ္ဘာ့စတော့စျေးကွက်များမှာကြာသပတေးနေ့တွင် ပြန်လည်တုံ့ဆိုင်းသွားပြီး ရေနံစျေးနှုန်းများမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာသည်။

ဗုဒ္ဓဟူးနေ့က အပစ်အခတ် ရပ်စဲရေးသတင်းကြောင့် စျေးကွက်အတွင်း အကောင်းမြင်မှုများ ရှိခဲ့သော်လည်း ယနေ့တွင် S&P 500 အညွှန်းကိန်းမှာ ၀.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ Dow Jones စက်မှုအညွှန်းကိန်းမှာလည်း အမှတ် ၄၀ (၀.၁ ရာခိုင်နှုန်းခန့်) ကျဆင်းခဲ့ပြီး Nasdaq အညွှန်းကိန်းမှာလည်း ၀.၂ရာခိုင်နှုန်း လျော့ကျခဲ့သည်။

ရေနံစျေးကွက်မှာ ပိုမိုလှုပ်ခတ်မှုရှိနေပြီး အမေရိကန် ရေနံစိမ်းစျေးနှုန်းမှာ ၆.၈ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၁၀၀.၇၉ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။

သမ္မတဒေါ်နယ်ထရန့်၏ တောင်းဆိုချက်များပေါ် အဓိက အချက်အချာဖြစ်သည့် ဟော်မုဇ် ရေလက်ကြားတွင် အီရန်တပ်ဖွဲ့များက မှိုင်းများထောင်ထားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ စျေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါ ရေလမ်းကြောင်း ပိတ်ဆို့မှုများကြောင့် ပါရှန်းပင်လယ်ကွေ့အတွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့များမှာ ကမ္ဘာ့စျေးကွက်သို့ မရောက်ရှိနိုင်ဘဲ ဖြစ်နေသည်။

နိုင်ငံတကာ စံသတ်မှတ်ချက်ဖြစ်သော ဘရန့်ရေနံစိမ်းစျေးနှုန်းမှာလည်း ၃.၇ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၉၈.၂၄ ဒေါ်လာ ဖြစ်လာခဲ့သည်။

၎င်းမှာ စစ်ပွဲအရှိန်အမြင့်ဆုံးအချိန်က ရောက်ရှိခဲ့သည့် ၁၁၉ ဒေါ်လာအောက်တွင် ရှိနေသော်လည်း စစ်ပွဲမဖြစ်ပွားမီက ရှိခဲ့သည့် ပျမ်းမျှ ၇၀ ဒေါ်လာဝန်းကျင်ထက် သိသိသာသာ မြင့်မားနေဆဲဖြစ်သည်။

Macquarieမှ မဟာဗျူဟာပညာရှင် သီယာရီဝစ်ဇ်မင်း ဦးဆောင်သောအဖွဲ့၏ သုံးသပ်ချက်အရ အမေရိကန်နှင့်အီရန်တို့ကြား တောင်းဆိုချက်များမှာအလှမ်းဝေးနေဆဲ ဖြစ်သောကြောင့် ရေနံစျေးနှုန်းအပေါ် ဖိအားပေးမှုများမှာ “အတန်ကြာ ဆက်ရှိနေဦးမည်” ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်ခြေရှိနေခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ ဝယ်ယူသူများအနေဖြင့် ရေနံလက်ကျန်များကို သိုလှောင်လာနိုင်ပြီး ၎င်းအခြေအနေကပင် ရေနံပိုက်လိုင်းများ သို့မဟုတ်ရေနံတင်သင်္ဘောများကို တိုက်ခိုက်ခြင်းကဲ့သို့ပင် စျေးကွက်အတွင်း ရေနံပြတ်လပ်မှုကို ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed