PSM(NEWS) မတ် ၉ ၊၂၀၂၆ ဂျပန်နိုင်ငံသည် ဒေသတွင်း၌ တိုးပွားလာနေသည့် စိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အရှိန်မြှင့်တင်လျက်ရှိရာ၊ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်ထားသော တာဝေးပစ် ဒုံးကျည်များအား တပ်ဖြန့်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ အဆင့်မြှင့်တင်ထားသည့် ‘Type-12’ မြေပြင်မှ သင်္ဘောပစ် ဒုံးကျည်များကို မတ်လကုန်ပိုင်းတွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုရှိ ကန်ဂွန်း စစ်စခန်းတွင်တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ အတွင်းဝန် မီနိုရူ ကီဟာရာက ပြောကြားခဲ့သည်။ အဆိုပါ တာဝေးပစ်ဒုံးကျည် လောင်ချာများနှင့် စက်ကိရိယာများ တင်ဆောင်ထားသည့် စစ်ယာဉ်တန်းများသည် တနင်္လာနေ့ နံနက်အစောပိုင်းတွင် အလွန်လျှို့ဝှက်စွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဒေသခံများကမူ ဤသို့ လျှို့ဝှက်ဆောင်ရွက်မှုကို ဝေဖန်ခဲ့ကြပြီး စခန်းအပြင်ဘက်တွင် “တာဝေးပစ်ဒုံးကျည်များ တပ်ဖြန့်မှု ရပ်တန့်ပေးရန်”ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး စီရင်စုအစိုးရကို ဘာမှအကြောင်းကြားတာမျိုး မရှိခဲ့ပါဘူး။ မီဒီယာသတင်းတွေကနေမှ တစ်ဆင့် သိရတာဟာ အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်”ဟု ကူမာမိုစီရင်စု၏ အုပ်ချုပ်ရေးမှူး တာကာရှိ ကီမူရာက သတင်းထောက်များကို ပြောသည်။ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနသည် ယမန်နှစ်ကပင် ဤဒုံးကျည်များ တပ်ဖြန့်မည့် အချိန်ဇယားကိုတစ်နှစ်စော၍ ရွှေ့ဆိုင်းခဲ့သည်။ တရုတ်နိုင်ငံက ၎င်းတို့ပိုင်ဆိုင်ကြောင်း ကြွေးကြော်ထားသည့် ထိုင်ဝမ်ကျွန်းအနီးတွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဂျပန်သည် အနောက်တောင်ပိုင်းဒေသတွင် စစ်ရေးပြင်ဆင်မှုများကို အရှိန်မြှင့်တင်လျက်ရှိသည်။ မိဆူဘီရှီအကြီးစား စက်မှုလုပ်ငန်းက ထုတ်လုပ်သည့် အဆင့်မြှင့်တင်ထားသော ‘Type-12’တာဝေးပစ်ဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ (မိုင်၆၂၀) အထိ ရောက်ရှိနိုင်ပြီး တရုတ်ပြည်မကြီးအထိ ပစ်ခတ်နိုင်စွမ်းရှိသည်။ ၎င်းသည် မူလကရှိခဲ့သည့် ကီလိုမီတာ ၂၀၀ (မိုင် ၁၂၅) ထက် များစွာ ပိုမိုဝေးကွာသော ပစ်မှတ်များကို ထိမှန်နိုင်မည်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ တက်လာပြီးနောက်ပိုင်းတွင် ထိုင်ဝမ်ကို တရုတ်စစ်တပ်က တိုက်ခိုက်လာပါက ဂျပန်အနေဖြင့် စစ်ရေးအရ တုံ့ပြန်မှုများ လုပ်ဆောင်ဖွယ်ရှိကြောင်း ပြောကြားထားသည်။ ထို့အပြင် ဂျပန်အစိုးရသည် ၎င်းတို့၏ ကာကွယ်ရေး စက်မှုလုပ်ငန်း၊ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် လက်နက်တင်ပို့မှုဆိုင်ရာ ပိတ်ပင် ကန့်သတ်ချက်များကိုလည်းလာမည့် ရက်သတ္တပတ်များအတွင်း ဖျက်သိမ်းသွားရန် စီစဉ်လျက်ရှိသည်။ ကိုးကား AP #ဂျပန် #ဒေသတွင်းစိန်ခေါ်မှု #ပြည်တွင်းထုတ် #တာဝေးပစ်ဒုံးကျည် #တပ်ဖြန့်ရန်ပြင်ဆင် #PSM_News Post navigation xAI ၏ Grok ချတ်ဘော့ဒ်မှ ရိုင်းစိုင်းသောပို့စ်များ ထွက်ပေါ်လာမှုအပေါ် X ပလက်ဖောင်း စုံစမ်းစစ်ဆေးနေဟု Sky News ဖော်ပြ အီရန်သင်္ဘောကို ဆိပ်ကမ်း ကပ်ခွင့်ပြုခဲ့ခြင်းမှာ မှန်ကန်သည့် လုပ်ရပ်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား