PSM(News)

ဧပြီ ၁၊ ၂၀၂၆

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ ခေါင်းဆောင်ဟောင်း ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ်သည် ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှ လွတ်ရက်စေ့၍ ယနေ့ ဧပြီလ ၁ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။

ကိုလင်းထက်နိုင် လွတ်မြောက်လာမှုကို ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် “ဂျိမ်း ဒီနေ့ လွတ်လာပါပြီ” ဟု ဓာတ်ပုံနှင့်တကွ အတည်ပြု ရေးသားထားသည်။

ကိုလင်းထက်နိုင်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်တွင် စစ်ကော် မရှင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

စစ်ကော်မရှင်က ကိုလင်းထက်နိုင်ကို ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် (၃) နှစ်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ဘ) ဖြင့် ထောင်ဒဏ် (၅) နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

ကိုလင်းထက်နိုင်သည် ၅၀၅(က) အမှုဖြင့် ချမှတ်ခံထားရသည့် ပြစ်ဒဏ်မှာ လွတ်ငြိမ်းခွင့် ရရှိခဲ့ပြီးနောက် ကျန်ရှိသည့် အကြမ်းဖက်မှုပုဒ်မအတွက် လွတ်ရက်စေ့၍ ယနေ့တွင် ပြန် လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ကိုလင်းထက်နိုင် အကျဉ်းကျနေစဉ်အတွင်း ၂၀၂၂ ၊ အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်အကျဉ်း ထောင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထောင်ဝင်စာလာပို့သည့် မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်မြင့်မှာ အခင်းဖြစ်နေရာတွင်ပင် ဆုံးပါးသွားခဲ့ရသည်။

ကိုလင်းထက်နိုင်သည် ထင်ရှားသော ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်က အမျိုး သားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းတွင် ဦးဆောင် ပါဝင်ခဲ့မှုကြောင့်လည်း ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။

ဓာတ်ပုံ-မဖြို့ဖြိုးအောင်(လူမှုကွန်ရက်)

By Htet Ko