PSM (NEWS) မေ ၁၄၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် အီရန်နှင့် ထိုင်ဝမ်အရေးတို့ကြောင့် တင်းမာမှုများ ရှိနေသော်လည်း ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ရန် ရည်ရွယ်လျက် အရေးပါသော ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန်အတွက် ဗုဒ္ဓဟူးနေ့ (မေ ၁၃ ရက်) တွင် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့သည်။ သမ္မတ ဒေါ်နယ်ထရန့် စီးနင်းလာသော Air Force Oneလေယာဉ်သည် ဝါရှင်တန်မှ ခရီးရှည်ပျံသန်းပြီးနောက် ဒေသစံတော်ချိန် ည ၇ နာရီ ၅၀ မိနစ်တွင် ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအား တရုတ်အရာရှိကြီးများ၊ စစ်ဂုဏ်ပြုတပ်ဖွဲ့နှင့် အမေရိကန်-တရုတ် အလံများ ဝှေ့ယမ်းနှုတ်ဆက်ကြသည့် တရုတ်ကျောင်းသား အမြောက်အမြားက ကြိုဆိုခဲ့ကြသည်။ ယခုခရီးစဉ်သည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်ဖြစ်သလို၊ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဒေါ်နယ်ထရန့် ၏ ပထမဆုံးသော ခရီးစဉ်လည်း ဖြစ်သည်။ လေဆိပ်တွင် တရုတ်ဒုတိယသမ္မတ ဟန်ကျိန်း ကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ပြီး၊ အဆိုပါ ကြိုဆိုရေးအဖွဲ့တွင် နိုင်ငံခြားရေးဒုတိယဝန်ကြီးမာကျောက်ရွှီနှင့်တရုတ်သံအမတ်ကြီး ရှဲ့ဖုန်း တို့လည်း ပါဝင်ခဲ့ကြသည်။ သမ္မတ ဒေါ်နယ်ထရန့် နှင့် သမ္မတ ရှီကျင့်ဖျင် တို့၏ ဆွေးနွေးပွဲတွင် အီရန်စစ်ပွဲအရေးက အဓိကနေရာမှ ပါဝင်လာမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ ဝါရှင်တန်မှ မထွက်ခွာမီ သမ္မတ ဒေါ်နယ်ထရန့် က အီရန်အရေးနှင့် ပတ်သက်၍ သမ္မတ ရှီကျင့်ဖျင် နှင့် အကျယ်တဝင့် ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ သမ္မတနှင့်အတူ Nvidiaမှ ဂျန်ဆင်ဟွမ်၊ Tesla မှ အီလွန်မတ်စ်နှင့် Apple မှ တင်မ်ကွတ် တို့အပါအဝင် အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အမှုဆောင်ချုပ် အမြောက်အမြား လိုက်ပါလာခဲ့သည်။ ထို့ပြင် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ဘဲဆင့် သည်လည်း တရုတ်ဒုတိယဝန်ကြီးချုပ် ဟဲလိဖုန်းနှင့် တောင်ကိုရီးယားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ကြာသပတေးနှင့် သောကြာနေ့များတွင် ကျင်းပမည့်ဆွေးနွေးပွဲများတွင် ထိုင်ဝမ်သို့ အမေရိကန်၏ လက်နက်ရောင်းချမှုကိစ္စရပ်များ၊အပြန်အလှန်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ၊ဉာဏ်ရည်တု (AI) နှင့် ၎င်း၏ နောက်ဆက်တွဲဘေးအန္တရာယ်များ၊Boeing လေယာဉ်များ၊ စိုက်ပျိုးရေးထွက်ကုန်နှင့် စွမ်းအင်ရောင်းချမှုဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးသွားကြမည် ဖြစ်သည်။ ကိုးကား-CNA Post navigation ဖိလစ်ပိုင်လွှတ်တော်အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ အိုင်စီစီ (ICC) က ဖမ်းဝရမ်းထုတ်ထားသည့် အမတ်ကို ဖမ်းဆီးရန် ကြိုးပမ်းမှုကြောင့် အခြေအနေတင်းမာနေ