PSM (News) ဇွန် ၃၀ ရက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စခန်းနှင့် တိုက်နယ် (၄) ပလဖစခန်း အပါအဝင် နေရာသုံးနေရာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင်တပ်ရင်းများက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့သဖြင့် အရပ်သား နှစ်ဦးနှင့် ပလဖအဖွဲ့ဝင် သုံးဦး အပါအဝင် စုစုပေါင်း ခြောက် ဦး သေဆုံးသွားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ စီးနင်းမှုကို ပြီးခဲ့သည့် ဇွန် ၂၉ ရက်နေ့က NUG ၏ မုံရွာခရိုင်တပ်ရင်း ငါးရင်းဖြစ်သော တပ်ရင်း (၂၂)၊ (၂ finger၃)၊ (၂၄)၊ (၂၅) နှင့် (၂၈) တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စီးနင်းရသည့် အကြောင်းရင်း အသေးစိတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ “ဘာကြောင့် စီးနင်းလဲဆိုတာတော့ မသိရသေးဘူး။ ပလဖ မြို့နယ်တာဝန်ခံ ကိုအာကူးနဲ့ ဒီတပ်ရင်းတွေကြားမှာ မပြေလည်မှုတချို့ ရှိနိုင်တယ်” ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်ပလဖ အဖွဲ့ဝင်တစ်ဦးက PSM ကို သုံးသပ်ပြောဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ကြားဖြစ်ပွားခဲ့သည့် အဆိုပါ စီးနင်းပစ်ခတ်မှုနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ရန် မုံရွာမြို့နယ် ပလဖအဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ဇွန် ၃၀ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ မုံရွာမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပွတ်တိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ ညပိုင်းကလည်း မုံရွာ LPDF တာဝန်ခံ ကိုလင်းယုန်နှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် လုပ်ကြံခံရသဖြင့် ကိုလင်းယုန် သေဆုံးကာ ဇနီးသည် ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ဇွန် ၂၆ ရက်နေ့က ခရိုင်ကွပ်ကဲရေးအစည်းအဝေးတွင် တပ်ရင်း (၆) ရင်းမှူး ကိုပုလဲမောင် လုပ်ကြံခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ လက်ရှိဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ချက် ထုတ်ပြန်ထားခြင်း မရှိသေး သည့်အတွက် အသေးစိတ်အချက်အလက်များကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ပုံစာ-ပလဖ မြို့နယ်တာဝန်ခံ ကိုအာကူးကို အလင်းဝင်ရောက်လာသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။ Post navigation “ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” လှုပ်ရှားမှုတွင် ထောက်ခံသည့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၅၆ ဖွဲ့အထိ ရှိလာ NUCC နှင့် NUG ဆွေးနွေးမှုများပြီးနောက် ဖမ်းဆီးခံထားရသည့် စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် ပြန်လည်လွတ်မြောက်လာ