PSM(News)

ဇွန် ၈၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ တောင်မော်ဦးရေတပ်စခန်း၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ပြီးနောက် ပင်မစခန်းမဟာဌာနချုပ်ကြီးအား ဆက်လက်၍ ပြင်းထန်စွာ ထိုးစစ်ဆင်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

AA သည် ပြီးခဲ့သည့် မေလကတည်းက တောင်မော်ဦးရေတပ်စခန်း၏ ကာကင်းစခန်းများကို စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုသတင်းပတ်အတွင်းတွင်မူ အဆိုပါရေတပ်စခန်း ပတ်ပတ်လည်၌ အခိုင်အမာ တပ်စွဲထားသည့် ကာကင်းစခန်း ၆ ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ကာကင်းစခန်းတွေကတော့ အကုန်သိမ်းလိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာ တောင်မော်ဦး ပင်မစခန်း ကြီးကို ဆက်ပြီး ထိုးစစ်ဆင်နေတာပါ။ အခုက AA ဘက်က အလုံးစုံထိုးစစ် ဖြစ်သွားပါပြီ။ အာဏာလုစစ်အုပ်စု (စကစ) ဘက်ကတော့ ခံစစ်သက်သက်သာသာပဲ ကျန်ပါတော့တယ်” ဟု မြေပြင်အခြေနှင့်ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

အဆိုပါ ကာကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်အုပ်စုထံမှ လက်နက်ခဲယမ်း အမြောက် အမြားကို သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၅၀ ကျော်ကိုပါ ထပ်မံရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်က PSM ကို အတည်ပြုသည်။

အာဏာလု စစ်အုပ်စုသည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က တောင်မော်ဦးရေတပ်စခန်းမှတစ်ဆင့် လူအင်အား ၈၀၀ ခန့်ဖြင့် စနဲမြို့ဘက်သို့ စစ်ကြောင်းထိုး ထိုးစစ်ဆင်ခဲ့ရာတွင် AA ၏ တန်ပြန်ထိုးစစ်ကြောင့် တပ်လန်ပျက်ပြားသွားခဲ့ရပြီး ယခုအခါ ရေတပ်ဗျူဟာကို အကာအကွယ်ပေး ထားသည့် ကာကင်းစခန်းများပါ လက်လွှတ်ရသည့်အထိ အထိနာလျက်ရှိသည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်အတွင်းရှိ ၎င်းတို့ သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ နှင့် ရမ်းဗြဲမြို့များကို ၂၀၂၆ – ၂၀၂၇ ခုနှစ်များအတွင်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက် သွားမည်ဟု ကြိုတင်အသိပေး ထားသည်။

ဓာတ်ပုံ-AA (ပုံဟောင်း)

By Htet Ko