PSM(News) ဇွန် ၈ ၊ ၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေ (အင်းလေး) ဒေသတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ် ရေးတပ်မ တော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော် နှစ်ဦးမှာ ဒလန် သတင်းပေးမှုကြောင့် အာဏာလုစစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အာဏာလုစစ်အုပ်စုသည် အဆိုပါ ရဲဘော် နှစ်ဦးကို ဖမ်းဆီးပြီးနောက် ကွင်းဆက်လိုက်လံဖမ်းဆီးရန် ကြိုးပမ်းနေ၍ ဆက်စပ်သူများ အရေးပေါ် ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် အင်းလေး PDF က ယနေ့ ဇွန် ၈ ရက်တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။ အာဏာလုစစ်အုပ်စုတပ်များသည် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နှင့် ရဲဘော် AD (ခ) ကောင်းစည်သူ တို့ နှစ်ဦးကို ယမန်နေ့ ဇွန် ၇ ရက်နေ့က ရွာမကျေးရွာအတွင်း၌ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ “မနေ့က ဇွန် ၇ ရက်နေ့ ဖမ်းသွားတာပါ။ ဒါကြောင့် ဒီနေ့မှာ အရေးပေါ် စာထုတ်ပြီး အသိပေးတာပါ” ဟု အင်းလေး PDF မှ ပြန်ကြားရေး တာဝန်ရှိသူက PSM ကိုပြောသည်။ အဆိုပါ ဖမ်းဆီးမှုသည် ရွာမကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ စစ်အုပ်စုသတင်းပေး (ဒလန်) သားကြီး (ခ) အောင်နိုင်ဦး ၏ တိကျသော သတင်းပေးမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကွင်းဆက်များကို ဆက်တိုက်လိုက်လံဖမ်းဆီးရန် အပြင်းအထန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာလုစစ်အုပ်စုသည် အုပ်ချုပ်ရေးမှူးဟောင်း သားကြီး (ခ) အောင်နိုင်ဦး နှင့် အင်းလေးဒေသ ပျူစောထီးခေါင်းဆောင် ဖိုးသာထူး တို့ကို PDF လက်နက်ချပွဲ ပြုလုပ်ပေးနိုင်ပါက ငွေကျပ်သိန်း ၁,၀၀၀ ပေးမည်ဟူသော မက်လုံးကြောင့် ၎င်းတို့သည် ဆေးစွဲနေသည့် လူငယ်များကိုပါ အသုံးချ၍ တော်လှန်ရေးရဲဘော်များကို လိုက် လံရှာဖွေ စုစည်းနေကြောင်း အင်းလေး PDF ကဆိုသည်။ သို့ဖြစ်ပါ၍ ဖမ်းဆီးခံရသူ ရဲဘော်များနှင့် ပတ်သက်ဆက်နွယ်သူများ၊ ကျေးရွာအသီးသီးရှိ တာဝန်ရှိ သူများနှင့် ရဲဘော်များအားလုံး စစ်ခအုပ်စု လက်လှမ်းမီနိုင်ခြင်းမရှိသည့် ဘေးလွတ်ရာသို့ အရေးပေါ် ချက်ချင်း ရှောင်ရှားကြရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း အထူးသတိပြု နေထိုင်ကြရန် နှိုးဆော် ထားသည်။ အပြစ်မဲ့ ရဲဘော်များကို ဖမ်းဆီးရမိစေရန် ဆောင်ရွက်ခဲ့သည့် သတင်းပေး ဒလန်များ၏ လုပ်ရပ်များ ကိုလည်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) အနေဖြင့် ပြင်းထန်စွာ တုံ့ပြန်အရေးယူသွား မည်ဖြစ်ကြောင်း သတိပေး ထားသည်။ ဓာတ်ပုံ-အင်းလေး PDF Post navigation မလှိုင်တွင် အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် တစ်မိသားစုတည်းမှ မြေး အဘိုး ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး ကျောက်ဖြူတွင် ကာကင်းစခန်းအားလုံးကို AA သိမ်းပိုက်ပြီးနောက် တောင်မော်ဦးရေတပ် ပင်မစခန်း ကြီးကို ဆက်လက်ထိုးစစ်ဆင်နေ