(စစ်တပ်လော်ဘီများ၏ စွပ်စွဲချက်ကြောင့် နေ့ခင်းကြောင်တောင် ဗုံးကြဲ ခြင်းဖြစ်ကာ ကျောင်းသားငယ် ၃ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူ ၅ ဦးအပါအဝင် ၁၅ ဦး ဆေးရုံတင်ထားရ) PSM(News) ဇွန် ၈ ၊ ၂၀၂၆ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းသား သုံး ဦးအပါအဝင် အပြစ်မဲ့အရပ်သား ငါး ဦး သေဆုံးသွားကြောင်း လူထုသတင်းကွန်ရက် (မလှိုင်မြို့) မှ သိရသည်။ အာဏာလုစစ်အုပ်စု၏ ဂျက်ဖိုက်တာစစ်လေယာဉ် နှစ် စင်းသည် ဇွန် ၆ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန်က မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာအတွင်းသို့ လာရောက်၍ ဗုံး လေး လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးရဲရွှေ အသက် (၆၅) နှစ်၊ သမီးဖြစ်သူ ဒေါ်လှလှဝင်း အသက် (၄၂) နှစ်၊ မောင်ဟိန်းထက် အသက် (၁၄) နှစ် ၈ တန်း ကျောင်းသား ၊ မောင်ကျော်ဇင် အသက် (၁၀) နှစ် ၅တန်းကျောင်းသား ၊ မောင်ရှိုင်းထက်အောင် အသက် (၁၃) နှစ် ၇ တန်း တို့ သေဆုံးခဲ့သည်။ “တမင်သက်သက် ရွာထဲကို လာကြဲတာ။ နေ့ခင်းကြောင်တောင်ကြီးလေ။ သေဆုံး၊ ထိခိုက်သူတွေဟာ ရွာခံပြည်သူတွေနဲ့ ကျောင်းသား မူလတန်း၊ အလယ်တန်း ကလေးငယ်တွေပါ။ ဒဏ်ရာရလို့ ဆေးရုံတက်နေရတဲ့အထဲမှာ ပြင်းထန်ဒဏ်ရာရသူ ငါး ဦးအပါအဝင် စုစုပေါင်း ၁၅ ဦး ရှိနေပါတယ်” ဟု လူထုသတင်းကွန်ရက် (မလှိုင်) တာဝန်ရှိသူက PSM ကိုပြောသည်။ သရက်ကောင်းပင်ကျေးရွာနှင့် ရွာပတ်ဝန်းကျင်တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိကြောင်း သိရပြီး ယခုကဲ့သို့ ဗုံးကြဲရသည့် အကြောင်းရင်းမှာ အဆိုပါကျေးရွာ၌ PDF များ ရှိနေသည်ဟူသော စစ်တပ်လော်ဘီမီဒီယာများ၏ အခြေအမြစ်မရှိ စွပ်စွဲရေးသားချက်များကြောင့် ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။ ”ရွာထဲမှာ ဘာမှမရှိပါဘူး။ နဂိုကတည်းကလည်း တိုက်ပွဲမရှိခဲ့တဲ့ နေရာပါ။ နွားထိုးကြီးမြို့နယ်နဲ့ ဆက်စပ်နေတဲ့နေရာ ဖြစ်နေတော့ PDF တွေ လာရောက်ခိုအောင်းနေတယ်ဆိုပြီး လော်ဘီမီဒီယာတွေက စွပ်စွဲရေးသားတာတွေ ရှိနေပါတယ်။ တကယ်တော့ ရွာထဲမှာ PDF တွေ မနေပါဘူး” ဟု လူထုသတင်းကွန်ရက် (မလှိုင်) တာဝန် ရှိသူကဆက်လက်ပြောကြားသည်။ အာဏာလုစစ်အုပ်စုသည် ယခင်ကလည်း မလှိုင်မြို့နယ်အတွင်းမှ ကျေးရွာ ငါး ရွာထက်မနည်းကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သဖြင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-ပေးပို့ Post navigation ဆွာမြို့နယ်ရှိ အာဏာလုစစ်အုပ်စုစခန်း ၂ ခုကို PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ စခန်း တစ်ခုသိမ်းပိုက်ပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ကျော် သေဆုံး အင်းလေးတွင် PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံရ၊ ကွင်းဆက်ဖမ်းဆီးနိုင်ရန် စစ်အုပ်စုက ငွေကျပ်သိန်း ၁,၀၀၀ မက်လုံးပေး၍ လိုက်လံရှာဖွေနေသဖြင့် အရေးပေါ်ရှောင်တိမ်းရန် သတိပေး