PSM(News) ဇွန် ၇၊ ၂၀၂၆ ပဲခူးတိုင်း၊ ဆွာမြို့နယ်အတွင်းရှိ အာဏာလုစစ်အုပ်စု တပ်စွဲထားသည့် စခန်းနှစ်ခုကို ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းတစ်ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ တင့်ကားတပ်ရင်း ဗိုလ်မှူးတစ်ဦး အပါအဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော် တိုင်းစစ်ဌာနက ယနေ့ ဇွန် ၇ ရက်တွင် ထုတ်ပြန်ထားသည်။ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၈)၊ ဗျူဟာအမှတ် (၁၉) လက်အောက်ရှိ PDF တပ်ရင်းများနှင့် နေပြည်တော် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ခရိုင်/မြို့နယ် – ပကဖ) တို့သည် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အင်အား (၆၀) ခန့်ဖြင့် တပ်စွဲထားသော ဆွာမကြီး (ဆွာရွာမ) ကျေးရွာစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နံနက် ၆ နာရီ ၃၀ မိနစ်တွင်လည်း ရွာသစ်ကျေးရွာစခန်းကို ထပ်မံဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွာမကြီးစခန်းတိုက်ပွဲအတွင်း အာဏာလုစစ်အုပ်စုထံမှ လက်နက်မျိုးစုံ ၁၄ လက်၊ ခဲယမ်းမျိုးစုံ ၁,၀၀၀ ကျော်၊ ကျည်ဘောက်များ၊ စားနပ်ရိက္ခာများနှင့် ဆေးဝါးပစ္စည်းများကိုလည်း အောင်မြင်စွာ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ဆွာမကြီးစခန်းတိုက်ပွဲအတွင်း စစ်အုပ်စု၏ တကရ (၆၀၁၇) တင့်ကားတပ်ရင်းမှ ဗိုလ်မှူး ကျော်လင်းအောင် (ကြည်း – ၄၄၇၂၉) အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး ကျန်ရှိသော စစ်ကောင်စီတပ်သားများသည် ထိခိုက်ဒဏ်ရာရရှိမှု အများအပြားဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြရာ ဇွန်လ ၃ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဆွာမကြီးစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် အာဏာလုစစ်အုပ်စုဘက်မှ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိသဖြင့် နေပြည်တော်တိုင်း စစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၁၈၊ ၁၉) တပ်ရင်းများ၊ နေပြည်တော် – ပကဖ၊ ရေတာရှည် – ပကဖ၊ ၃၅၀၄ တပ်ရင်း ပူးပေါင်းမဟာမိတ်များနှင့် အာဏာလုစစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော် Post navigation မင်းတုန်းနှင့် ရခိုင်ရိုးမအစပ်သို့ ထိုးလာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို PDF နှင့် AA ပူးပေါင်းဖြတ်တောက် တိုက်ခိုက်နေ မလှိုင်တွင် အာဏာလုစစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် တစ်မိသားစုတည်းမှ မြေး အဘိုး ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး