PSM(News)

ဇွန် ၆ ၊ ၂၀၂၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ပိုင်းနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမအစပ်ဒေသများသို့ ထိုးစစ်ဆင်လာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၄) တပ်ရင်းထံမှ သိရသည်။

အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီလလယ်မှစတင်ကာ အင်အား ၁၀၀၀ ခန့်ဖြင့် မင်းတုန်းမြို့နယ်အနောက်ပိုင်းရှိ ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ကျေးရွာများသို့ စစ်ကြောင်းတစ်ကြောင်း၊ မင်းတုန်းမြို့နယ် တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့သို့ စစ်ကြောင်းတစ်ကြောင်းစီဖြင့် စစ်ကြောင်း သုံး ကြောင်း ဖြန့်ခွဲကာ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

အဆိုပါ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းများကို သရက် – မင်းတုန်း လမ်းပိုင်းမှတစ်ဆင့် မင်းတုန်းမြို့နယ် အနောက်ပိုင်းကျေးရွာများအထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁ ရက်နေ့အထိ တိုက်ပွဲပေါင်း တစ်ဒါဇင်ကျော် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း (၄) ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ စစ်ရေးလှုပ်ရှားတဲ့ဒေသတွေဖြစ်တဲ့ မင်းတုန်းအနောက်ခြမ်း ကျေးရွာတွေနဲ့ ရခိုင်နဲ့ ထိစပ်နေတဲ့ဘက်တွေကို စစ်ကြောင်းထိုးနေတာပါ။ ကျွန်တော်တို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ကိုယ့်ဒေသတွင်းကို ကာကွယ်ဖို့အတွက်ရော၊ အခြားသော ထိစပ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ (AA) ဘက်ကလည်း သူတို့ဒေသကို ကာကွယ်ဖို့အတွက်ပါ စစ်ရေးအရ ချိတ်ဆက်ပြီး လုပ်ဆောင်စရာရှိတာတွေကို ပူးပေါင်းလုပ်ဆောင်နေတာတွေ ရှိပါတယ်” ဟု သရက်ခရိုင်တပ်ရင်း ၄ မှ ကိုမြတ်က AA နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းပြသည်။

လက်ရှိတွင် ရခိုင်ရိုးမတောင်ခြေတိုက်ပွဲများ၌ စစ်အုပ်စုဘက်မှ စစ်ကြောင်းပျက်ကာ ရာဂဏန်းနီးပါး လက်နက် ချအညံ့ခံသည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း စစ်အုပ်စုအနေဖြင့် အပြင်းအထန် အထိနာနေသည်ဆိုသည့် အချက်ကိုသာ ကိုမြတ်က အတည်ပြုသည်။

“စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုအနေနဲ့ နယ်မြေအနေအထားအရရော၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့်ပါ အထိနာနေတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ မူလရည်ရွယ်ချက်အတိုင်း ထိုးစစ်ကို ဆက်ပြီးလုပ်ဆောင်မယ့် အနေအထားမျိုးတွေတော့ မြင်နေရသေးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အာဏာလုစစ်အုပ်စုသည် မင်းတုန်းမြို့နယ်အနောက်ပိုင်းရှိ ၎င်းတို့ လက်လွှတ် ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် မင်းတုန်း – တောင်ကုတ် ကုန်သွယ်ရေးလမ်း ကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်ပြီး ရခိုင်ရိုးမတောင်ခြေရွာများကို အဓိကထားကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-သရင်ခရိုင် အမှတ် (၄) တပ်ရင်း

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed