PSM (News) ဇူလိုင် ၆၊၂၀၂၆ တရုတ်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး၊ နိုင်ငံတောင်ပိုင်းတွင်မူ အပူပိုင်းမုန်တိုင်း “မေဆက်” ဝင်ရောက်တိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျကာ ကားများ ရေနစ်မြုပ်ခဲ့ကြောင်း တရားဝင်သတင်းဌာနများကတနင်္ဂနွေနေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံ၏ အတွင်းမွန်ဂိုလီးယား ဒေသအရှေ့ပိုင်းတွင် စနေနေ့ညနေပိုင်းက တောင်ကျချောင်းရေ အရှိန်အဟုန်ဖြင့် စီးဆင်းလာမှုကြောင့် ရွာသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ တစ်ဦးမှာ နွားကျောင်းနေစဉ် ရေနစ်မြုပ်သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ နွားအုပ်ကို ရေဘေးလွတ်ရာသို့ မောင်းနှင်စဉ် ရေထဲသို့ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အိမ်နီးချင်း လျောင်နင်ပြည်နယ်၊ ဖူရှန်းမြို့တွင်လည်း စနေနေ့က လူသုံးဦး ထပ်မံသေဆုံးခဲ့ကြောင်း ဆင်ဟွာက ဖော်ပြသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။ စနေနေ့အစောပိုင်းက ဖူရှန်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တစ်နေရာတွင် မိုးရေချိန် ၃၂.၉ စင်တီမီတာ (၁၃ လက်မ) အထိ ရှိခဲ့သည်။ အွန်လိုင်းတွင် ပျံ့နှံ့လာသော ဗီဒီယိုဖိုင်များတွင် လမ်းမများ ရေကြီးရေလျှံနေသည်ကို တွေ့မြင်ရပြီး ဒေသခံ ၃,၆၀၀ ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ တရုတ်နိုင်ငံတောင်ပိုင်းတွင်မူ အပူပိုင်းမုန်တိုင်း “မေဆက်” သည် ဗီယက်နမ်နိုင်ငံ ကွမ်နင်ပြည်နယ်တွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၀၁ ကီလိုမီတာ (၆၃ မိုင်) ဖြင့် ဝင်ရောက်တိုက်ခတ်ပြီးနောက် တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသဘက်သို့ ဦးတည်ရွေ့လျားခဲ့သည်။ ကုန်းတွင်းပိုင်းသို့ ရောက်ရှိချိန်တွင် မုန်တိုင်း၏ အရှိန်မှာ လျော့ကျသွားခဲ့သည်။ ကွမ်ရှီးဒေသ ဖန့်ချန်းဂန်မြို့တွင် မြစ်ရေလျှံတက်မှုကြောင့် ကားများမှာ ခေါင်မိုးထိ ရေနစ်မြုပ်ခဲ့ကြောင်း စီစီတီဗီ (CCTV) သတင်းဌာနက ဖော်ပြသည်။ ကယ်ဆယ်ရေးအဖွဲ့များသည် ရေဘေးသင့်နေသူများကို လှေငယ်များဖြင့် ကူညီကယ်ဆယ်ခဲ့ကြသည်။ ဒေသခံများ၏ ပြောကြားချက်အရ ယခုရေကြီးမှုသည် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အလွန်အမင်း ရေကြီးမှုဖြစ်ကြောင်း တရုတ်သတင်းဝန်ဆောင်မှုဌာနက ဖော်ပြထားသည်။ ကိုးကား- AP Post navigation ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦး သယ်ဆောင်သွားသည့် ဘိန်းဖြူမှုတွင် မြန်မာနိုင်ငံမှ လာကြောင်း စစ်ဆေးတွေ့ရှိ ကစားသမား ၁၀ ဦးသာပါဝင်သည့် အင်္ဂလန်အသင်း မက္ကဆီကိုကို ၃-၂ ဂိုးဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်