PSM (News)

ဇူလိုင် ၆၊၂၀၂၆

အီရန်နိုင်ငံ၏ အကြီးအကဲ အယာတိုလာ အလီ ခါမေနီ ကွယ်လွန်ပြီးနောက် ၎င်း၏သားသုံးဦးမှာ တနင်္ဂနွေနေ့က ပြုလုပ်သည့် ဈာပနအခမ်းအနားတွင် ၎င်းတို့၏ဖခင်နှင့် မိသားစုဝင် လေးဦးတို့၏ ခေါင်းတလားဘေးတွင် ဝတ်ပြုဆုတောင်းခဲ့ကြသည်။

သို့သော် ဖခင်ဖြစ်သူ၏နေရာကို ဆက်ခံသည့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်ဖြစ်သူ မိုဂျတာဘာ မှာမူ ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။

ရုပ်သံလိုင်းများတွင် မိုစတာဖာ ၊ မေဆမ်နှင့် မာဆုဒ် ခါမေနီတို့သည် တီဟီရန်မြို့ရှိ အီမာမ် ခိုမေနီ ဂရန်းမိုဆာလာဘာသာရေးဝတ်ကျောင်းတော်ဝင်းအတွင်း ခင်းကျင်းထားသော ခေါင်းတလားများနောက်တွင် ဝတ်ပြုနေသည်ကို ပြသခဲ့သည်။

၎င်းတို့၏ဖခင်မှာ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စစ်ဆင်နွှဲခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကလေကြောင်းတိုက်ခိုက်မှုအတွင်းအခြားမိသားစုဝင်များနှင့်အတူ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

မိုဂျတာဘာ ခါမေနီကို ယနေ့အချိန်ထိ လူမြင်ကွင်းတွင် မတွေ့ရှိရသေးဘဲ ၎င်းသည် ဖခင်ဖြစ်သူနှင့် မိသားစုဝင်များ သေဆုံးခဲ့သည့် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည်။ ၎င်း၏အတွင်းလူများက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် မိုဂျတာဘာသည် မျက်နှာတွင် ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဈာပနအခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသမီးငယ်တစ်ဦးက “ဆုတောင်းပွဲ မစခင် နောက်ဆုံးအချိန်ထိ မိုဂျတာဘာ ကိုယ်တိုင်လာလိမ့်မယ်လို့ မျှော်လင့်နေခဲ့တာ။ အဲဒါက ကျွန်မတို့ရဲ့ တစ်ခုတည်းသော ဆန္ဒပါပဲ” ဟု Tasnim သတင်းဌာနသို့ ပြောကြားခဲ့သည်။

အီရန်အာဏာပိုင်များသည် ခါမေနီ၏ ရုပ်ကလာပ်ကို အီရတ်နိုင်ငံရှိ ရှီးယားဂိုဏ်းဝင်များ၏ ဘာသာရေးနေရာများသို့ ပို့ဆောင်ခြင်းအပါအဝင် တစ်ပတ်တာကြာမြင့်မည့် ဈာပနအခမ်းအနားများကို ပြုလုပ်လျက်ရှိသည်။ တနင်္ဂနွေနေ့တွင် စစ်သားများ၊ ဘာသာရေးကျောင်းသားများနှင့် ပြည်သူလူထု သောင်းနှင့်ချီ၍ ဝတ်ကျောင်းတော်သို့ လာရောက်ဂါရဝပြုခဲ့ကြပြီး အမေရိကန်နှင့် အစ္စရေးတို့အား လက်စားချေမည်ဟု ကြွေးကြော်ထားသည့် အလံများကို ဝှေ့ယမ်းခဲ့ကြသည်။

အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ခီယန်နှင့် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘာဖ် တို့လည်း အခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။ အဆိုပါ ဈာပနအခမ်းအနားများအတွက် အီရန်နိုင်ငံတစ်ဝန်းမှ ပြည်သူသန်းပေါင်းများစွာကို စုစည်းရန် အာဏာပိုင်များက စီစဉ်လျက်ရှိသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed