PSM(News) ဇွန် ၆၊ ၂၀၂၆ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်သိမ်းပိုက် ထားသည့် ဗျူဟာမြောက် ကုက္ကိုစုကျေးရွာမှ ထွက်ပြေးသွားသည့် ပျူစောထီး ၇၀ ကျော်ကို လမ်းခုလတ်တွင် အားလုံးဖမ်းဆီးရမိပြီဖြစ်ကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။ အဆိုပါ ပျူစောထီးများသည် တော်လှန်ရေးတပ်ဖွဲ့များ လက်အောက်သို့ ကျရောက်သွားသည့် ကုက္ကိုစု ရွာမှနေ၍ ၁၅ မိုင်ခန့်အကွာရှိ အာဏာလုစစ်အုပ်စု တပ်စွဲထားရာ မြိုင်စက်မှု (၂) သို့ ဦးတည် ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ဇွန် ၅ ရက်နေ့ ညနေပိုင်းက တောတန်းတစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်းကို အစုလိုက်အပြုံလိုက် ခံခဲ့ရခြင်း ဖြစ်သည်။ “ဇွန်လ ၄ ရက်နေ့မှာ ကုက္ကိုစုရွာက တော်လှန်ရေးတပ်ဖွဲ့တွေအောက်ကို ကျသွားတယ်။ ၄ ရက်နေ့ညမှာ သူတို့ ထွက်ပြေးကြပြီး ၅ ရက်နေ့ ညနေမှာတော့ တောတန်းတစ်နေရာမှာ သူတို့အကုန်လုံးကို အစုလိုက် ပြန်ပြီး ဖမ်းမိခဲ့တာပါ” ဟု အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်ဇင်က PSM ကိုပြောသည်။ ကုက္ကိုစုရွာသည် ပခုက္ကူ – ပေါက် လမ်းပိုင်း၏မြောက်ဘက် ပုသိမ် – မုံရွာ လမ်းမကြီးဘေးတွင် တည်ရှိပြီး ဒေသတွင်း၌ လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ရေးဗျူဟာအရ အလွန်အရေးပါသော ကျေးရွာ ကြီး တစ်ရွာ ဖြစ်သည်။ အာဏာလုစစ်အုပ်စုသည် ယင်းကျေးရွာကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ပျူစောထီးရွာအဖြစ် သွေး ဆောင်သိမ်းသွင်းခဲ့ပြီး ရွာရှိ ပျူစောထီးများကို စစ်တပ်ထောက်ခံသူ မဘသဘုန်းကြီး “ပေါက်ကိုယ်တော်” ဟု လူသိများသည့် အရှင်အရိယာဝံသက အဓိက ငွေကြေးနှင့် လက်နက်ခဲယမ်း ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ “ကုက္ကိုစုရွာက ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပျူစောထီးရွာအဖြစ် စတင်ဖွဲ့စည်းခဲ့တာ။ အဲဒီကနေ တောက်လျှောက် ပျူစောထီးအင်အား တောင့်တင်းလာပြီးတော့ ဒေသတွင်းကို ခြိမ်းခြောက်နိုင်ဆုံး ကျေးရွာအဖြစ် ရပ်တည်နေခဲ့တာပေါ့။ သူ့ရဲ့ အားအကောင်းဆုံး support ပေးမှုက ပေါက်ကိုယ်တော်ပေါ့။ သူက အနောက်ကနေ အင်တိုက် အားတိုက် ထောက်ပံ့ပေးတာပေါ့။ ဒါကြောင့် အရှိန်နဲ့ ရှေ့ကို ရောက်လာတဲ့ သဘောမျိုးရှိတာ” ဟု ကိုဘိုဘိုသန့်ဇင်က ဆက်လက်ပြောကြားသည်။ အဆိုပါ ပျူစောထီး ၇၀ ကျော် ရွာမှ ထွက်ပြေးမှုကြောင့် ကုက္ကိုစုကျေးရွာဝန်းကျင်ရှိ ကျေးရွာ ငါး ရွာခန့်မှ ဒေသခံ များသည် ပျူစောထီးများ၏ ရန်မူခြင်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ “သူတို့က ဒေသခံ ကျေးရွာတွေကို ရန်မူတာ၊ တိုက်ခိုက်တာမျိုးတော့ မလုပ်ဘဲနဲ့ ဒေသခံ သုံးယောက် ထက် မနည်းကိုတော့ တောမှာ တွေ့လို့ ဓားစာခံအဖြစ် ခေါ်သွားတယ်။ ဒါပေမယ့် သူတို့ကို ဖမ်းမိတဲ့ အခါမှာ ဒီပြည်သူတွေလည်း ပြန်ပြီး လွတ်မြောက်လာပါတယ်။ ကျန်တဲ့ တိုက် ခိုက်မှုမျိုးတွေတော့ မရှိဘူး။ ဒါပေမယ့် ဒေသခံ ရွာတွေဆိုတာ ကြောက်ကြတော့ ဘေးလွတ်ရာကို ရှောင်ကြတာ” ဟု ကိုဘိုဘို သန့်ဇင် က ဆိုသည်။ တစ်ချိန်တည်းမှာပင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပေါက်မြို့အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ ပုသိမ် – မုံရွာ ကားလမ်းပေါ်တွင်ရှိ ဒေသတွင်းတွင် စစ်ရေးဗျူဟာအရ အလွန်အရေးပါသော ရေပြာရွာ ရဲစခန်းကိုပါ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားသည်။ Post navigation စစ်ကိုင်းမြို့ လဝကရုံးအတွင်း ချိန်ကိုက်ဗုံးပေါက်ကွဲသဖြင့် ဝန်ထမ်းနှင့် ပြည်သူ ၂၀ ဦး ဒဏ်ရာရပြီး ၄ ဦး ပြင်းထန် မင်းတုန်းနှင့် ရခိုင်ရိုးမအစပ်သို့ ထိုးလာသည့် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို PDF နှင့် AA ပူးပေါင်းဖြတ်တောက် တိုက်ခိုက်နေ