PSM(News) မေ ၆၊ ၂၀၂၆ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စုတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ် ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်း (TGYR-Youth Guerrilla Counter Revolution) က ထုတ်ပြန်သည်။ ငါန်းဇွန်မြို့နယ်၊ ဇလုပ်မကျေးရွာကို အင်အား ၆၀ ခန့်ဖြင့် ရောက်ရှိလာသည့် အာဏာသိမ်းစစ်အုပ်စု စစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၃ ရက်နေ့က မြင်သာကျေးရွာသို့ ခြေလျင်ထွက်ခွာလာစဉ် TGYR တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် ၈၀ မမ ပြောင်းဖြင့်ပါ ပစ်ခတ်ခဲ့ပြီး စစ်သား နှစ် ဦး အောက်ပိုင်းပြတ်ဒဏ်ရာဖြင့် ပြင်းထန်စွာ ထိခိုက်သွားကြောင်း အတည်ပြုနိုင်ခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် မြင်သာကျေးရွာရှိ ပြည်သူ့တောတဲများကို ဒရုန်းဖြင့် ခုနစ် လုံးခန့် ဗုံးသီးချ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ကြောင်းထွက်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် ပြည်သူများ အသုံးပြုသည့် လမ်းမများပေါ်၌ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့သည့် ကပစထုတ် Tb.14 နင်းမိုင်း နှစ် လုံးကို တွေ့ရှိခဲ့သဖြင့် ဖျက်ဆီးရှင်းလင်းခဲကြောင်း TGYR တပ်ဖွဲ့ထံမှ သိရသည်။ ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်အုပ်စု စစ်ကြောင်းဝင်ရောက်လာပါက ဘေးလွတ်ရာသို့ ရှောင်ရှားကြရန်နှင့် စစ်ကြောင်း ဝင်ရောက်တပ်စွဲခဲ့သည့် ကျေးရွာများအတွင်းသို့ အလွယ်တကူ ဝင်ရောက်ခြင်းမပြုဘဲ အထူးသတိထားကြရန် TGYR က တိုက်တွန်းနှိုးဆော်ထားသည်။ ဓာတ်ပုံ-TGYR Post navigation တော်လှန်အနုပညာရှင် သရုပ်ဆောင် ဒေါင်း ပါဝင်သည့် ထိုင်းရုပ်ရှင် ‘Omukade’ ကို Netflix တွင် ပြသတော့မည် ဒေါ်အောင်ဆန်စုကြည်နှင့်ASEANကိုယ်စားလှယ် တွေ့ဆုံခွင့်ပေးရန် ဖိလစ်ပိုင် တောင်းဆို