PSM (News)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ကွန်မြူနစ်ပါတီဦးဆောင်သည့် တရုတ်အစိုးရက ဘုရားကျောင်းအတွင်း အစိုးရထိန်းချုပ်သော မျက်နှာမှတ်မိစနစ်ပါ စောင့်ကြည့်ကင်မရာများကို အများအပြား တပ်ဆင်ရန် တောင်းဆိုခဲ့မှုကို ငြင်းဆန်ခဲ့သည့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဘုရားကျောင်းကိုလည်း သိမ်းယူခဲ့ကြောင်း AP သတင်းဌာနက လူ့အခွင့်အရေးအဖွဲ့များနှင့် အဆိုပါကိစ္စကို သိရှိထားသည့် အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပါစတာ အီဇရာ ဂျင်၏ သမီးဖြစ်သူသည် အမေရိကန် လွှတ်တော် House Foreign Affairs Committee (Majority) မှ ထုတ်ပြန်ထားသည့် ဗီဒီယိုတစ်ခုတွင် ပါဝင်ကာ ဖခင်ဖြစ်သူ၏ ဖမ်းဆီးခံရမှုနှင့် တရုတ်နိုင်ငံအတွင်း ခရစ်ယာန်များအပေါ် ဖိနှိပ်မှုအခြေအနေများကို ကိုယ်တိုင် ရှင်းလင်းတင်ပြခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြထားသည်။ ဖမ်းဆီးခံရသူမှာ ပါစတာ အီဇရာ ဂျင် (Ezra Jin / Jin Mingri) ဖြစ်ပြီး ၎င်းဦးဆောင်သည့် ဘုရားကျောင်းသည် အစိုးရ၏ စောင့်ကြည့်ထိန်းချုပ်ရေး စနစ်များကို ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည်ဟု ယူဆကာ လိုက်နာရန် ငြင်းဆန်ခဲ့သည်ဟု သိရသည်။ တရုတ်အာဏာပိုင်များက ထိုငြင်းဆန်မှုနောက်တစ်နေ့တွင်ပင် ဘုရားကျောင်းကို ပိတ်သိမ်းကာ ပါစတာ ဂျင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဖမ်းဆီးမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ တရားဝင်အသေးစိတ်ရှင်းလင်းချက် မထုတ်ပြန်သေးကြောင်းလည်း သိရသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ပါစတာ ဂျင်၏ သမီးဖြစ်သူက နိုင်ငံတကာ လူ့အခွင့်အရေးအစည်းအဝေးများနှင့် မီဒီယာများတွင် ထွက်ပေါ်လာကာ တရုတ်နိုင်ငံအတွင်း ခရစ်ယာန်များအပေါ် အစိုးရက စနစ်တကျ စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ဘုရားကျောင်းများကို ပိတ်သိမ်းခြင်းနှင့် ဘာသာရေးခေါင်းဆောင်များကို ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း အထောက်အထားများနှင့်အတူ ပြောကြားခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များအနေဖြင့် တရုတ်အစိုးရ၏ လုပ်ရပ်များသည် ဘာသာရေးလွတ်လပ်ခွင့်ကို ဆိုးရွားစွာ ကန့်သတ်နေကြောင်း ဝေဖန်ခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိရောက်သော ဖိအားများ သုံးသပ်ချမှတ်သင့်ကြောင်း တောင်းဆိုထားသည်။ တရုတ်အစိုးရဘက်မှတော့ အဆိုပါလုပ်ရပ်များကို “ဥပဒေစိုးမိုးရေးနှင့် အမျိုးသားလုံခြုံရေးအတွက် လိုအပ်သော စီမံခန့်ခွဲမှုများ” ဟု အကြောင်းပြချက်ပေးလေ့ရှိသော်လည်း အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ ယင်းအကြောင်းပြချက်ကို လက်မခံကြောင်း သိရသည်။ ကိုးကား – APဓာတ်ပုံ – AP #တရုတ်_ဘာသာရေးလွတ်လပ်ခွင့်#အီဇရာ_ဂျင်#လွှတ်တော်_သက်သေခံမှု#တရုတ်_ခရစ်ယာန်ဖိနှိပ်မှု#လူ့အခွင့်အရေး See less Post navigation SpaceX တွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ ပါဝင်နေမှုရှိမရှိ စုံစမ်းစစ်ဆေးရန် ပင်တဂွန်စစ်ဌာနချုပ်ကိုအထက်လွှတ်တော်အမတ်များ တောင်းဆို ICC တရားသူကြီးများနှင့် ကုလသမဂ္ဂကျွမ်းကျင်သူများအပေါ်ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ထရမ့်အစိုးရအတွင်းသဘောထားကွဲလွဲမှုများရှိနေ