PSM(News) ဇွန် ၅ ၊ ၂၀၂၆ မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း၌ ကားဖြင့် လှည့်လည်သွားလာနေသည့် အာဏာလုစစ်အုပ်စုတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သရက်ခရိုင် အမှတ် (၅) တပ်ရင်းထံမှ သိရသည်။ ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ – ကိုးပင်လမ်းကို ကားဖြင့် အမြဲမပြတ် လှည့်လည်သွားလာနေသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် သရက်ခရိုင် အမှတ် (၅) တပ်ရင်းမှ PDF ရဲဘော်များက လမ်းပိုင်းတစ်နေရာ၌ ကြိုတင်စောင့်ကြိုကာ မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အာဏာလုအစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင် ခြောက်ဦးမှာ အခင်း ဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင်လည်း ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ KTV တစ်ခုမှ ပျော်ပါးပြီး ပြန်လာကြသည့် ဘဝသစ်ထောင်ဦးစီးအရာရှိနှင့် ထောင်တန်းစီးတို့ ကိုယ်တိုင်မောင်းနှင်လာသော ကားအား တော်လှန် ရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ ကားကို အတင်းမောင်းနှင်ထွက်ပြေးခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိသည့် ဖြစ်စဉ်အတွင်း စစ်အုပ်စုလက်အောက်ခံ ထောင်အရာရှိများထံမှ MA-5 (အတို) တစ်လက်၊ BA-9 (သို့မဟုတ် ပစ္စတို) ကဲ့သို့သော လက်နက်ငယ် သုံးလက်နှင့် ခဲယမ်းအချို့ကို ကားနှင့်အတူ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-PDFအမှတ်၅တပ်ရင်း ပုံစာ – KTV မှ ပြန်လာသည့် ထောင်အရာရှိများ၏ ကားကို တားဆီးစစ်ဆေးရာမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ။ Post navigation ပေါက်မြို့နယ်ရှိ ဗျူဟာမြောက် ရေပြာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက် စစ်ကိုင်းမြို့ လဝကရုံးအတွင်း ချိန်ကိုက်ဗုံးပေါက်ကွဲသဖြင့် ဝန်ထမ်းနှင့် ပြည်သူ ၂၀ ဦး ဒဏ်ရာရပြီး ၄ ဦး ပြင်းထန်