PSM (NEWS)

ဇန်နဝါရီ ၃၁၊ ၂၀၂၆

ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နိုင်ငံအကြားရှိ လူသွားလူလာ နယ်စပ်ဖြတ်ကျော်ဂိတ်ကို လာမည့် ရုံးပိတ်ရက်အတွင်း နှစ်ဖက်စလုံးအတွက် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ဂါဇာဒေသအတွင်း အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးပို့ရေး အစီအစဉ်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထောက်ခံအားပေးနေသည့် နောက်ခံအခြေအနေအောက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂါဇာဒေသသို့ အကူအညီပေးပို့ရေးနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုများကို တာဝန်ယူဆောင်ရွက်နေသည့် အစ္စရေး စစ်ဘက်ဆိုင်ရာအဖွဲ့အစည်း (COGAT) ၏ ထုတ်ပြန်ချက်အရ လာမည့် တနင်္ဂနွေနေ့မှစတင်ကာ ဂါဇာ၏ အဓိကထွက်ပေါက်ဖြစ်သည့် ရာဖာ နယ်စပ်ဂိတ်မှတစ်ဆင့် “ကန့်သတ်ထားသော လူဦးရေအချို့” ကိုသာ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြေညာချက်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ဂါဇာစီမံခန့်ခွဲရေးကော်မတီ၏ အကြီးအကဲသစ် အလီရှာသ်တို့က နယ်စပ်ဂိတ်ကို မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ထွက်ခွာမည့်သူများကို အစ္စရေးနှင့် အီဂျစ် နှစ်နိုင်ငံလုံးက လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ဥရောပသမဂ္ဂ (EU) နယ်ခြားစောင့် ကိုယ်စားလှယ်များက ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း COGAT က ဆိုသည်။

ထို့အပြင် ဂါဇာမှ ထွက်ခွာသူများနှင့် ပြန်လည်ဝင်ရောက်သူများကို အစ္စရေးစစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်သည့် ဘေးချင်းကပ် စင်္ကြံလမ်းတွင်လည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။

ရာဖာ နယ်စပ်ဂိတ်သည် ၂၀၂၄ ခုနှစ် မေလတွင် ဟားမတ်စ်အဖွဲ့၏ လက်နက်မှောင်ခိုကူးမှုကို တားဆီးရန်ဆိုသည့် အကြောင်းပြချက်ဖြင့် အစ္စရေးက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှစ၍ လုံးဝနီးပါး ပိတ်ထားခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့သည့် ခဏတာ အပစ်အခတ်ရပ်စဲရေးကာလအတွင်းတွင်သာ လူနာများကို ပြင်ပသို့ ရွှေ့ပြောင်းကုသရန်အတွက် ကန့်သတ်ဖွင့်လှစ်ပေးခဲ့ဖူးသည်။

ကိုးကား — AP

#ဂါဇာ_အီဂျစ်

#နယ်စပ်ဖြတ်ကျော်ဂိတ်

#အစ္စရေး

#ဂါဇာကမ်းမြောင်ဒေသ

#ပြန်လည်ဖွင့်လှစ်

#𝐏𝐒𝐌_𝐍𝐞𝐰𝐬

By Htet Ko