PSM(News)

ဇူလိုင် ၂၈၊၂၀၂၆

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်၊ဝေယွမ်ခရိုင် တင်းရှီမြို့ ရွှမ်ရွှယ်မင် အပန်းဖြေဧရိယာတွင် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကိုယ်တိုင်ကားမောင်း ခရီးသွားလာရင်း စခန်းချ အနားယူနေကြသည့် ခရီးသွား ၁၀ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၄၀ မိနစ်တွင် အထက်ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ချောက်ကမ်းပါး ကျဉ်းမြောင်းရာ မြစ်ကမ်းပါးများဆီသို့ ရေထုကြီး ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး တဲများ၊ စားပွဲများနှင့် မော်တော်ယာဉ်အများအပြားကို မျောပါသွားစေခဲ့ကာ ထိတ်လန့်နေကြသည့် ခရီးသွားများမှာ ရွှံ့ဗွက်ထူသော ကုန်းစောင်းများပေါ်သို့ အပြေးအလွှား တက်ရောက်ခဲ့ကြရသည်။ ရေပြန်ကျသွားချိန်တွင် မြစ်ကြမ်းပြင်သည် ကျောက်တုံးများ၊ အမှိုက်သရိုက်များနှင့် ပြောင်းပြန်လှန်နေသော ကားများဖြင့် ပိတ်ဆို့ကုန်ခဲ့သည်။

ဒေသန္တရ အာဏာပိုင်များအနေဖြင့် ရာသီဥတု သတိပေးချက်များကို ကြိုတင် လက်ခံရရှိထားခဲ့သော်လည်း ခရီးသွားများကို အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခြင်း မရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-Caixin Global

By Htet Ko