PSM(News) ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ လက်အောက်ခံ ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားတစ်ခုဖြစ်သည့် “တယ်လီကျန်းမာ” (Telekyanmar) သည် NUG အစိုးရ၏ အဖွဲ့အစည်းတစ်ရပ်အဖြစ်ပင် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် အသိပေး ထုတ်ပြန်လိုက်သည်။ တယ်လီကျန်းမာအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံခန့်ခွဲရေးဆိုင်ရာ အားနည်းချက်အချို့ကို ပြုပြင်ပေးရန်နှင့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားသည့် အချက်များကို တစ်ပတ်အတွင်း ဖြေရှင်းပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က အလေးအနက်ထား တိုက်တွန်းခဲ့သည်။ တယ်လီကျန်းမာ၏ ထုတ်ပြန်ချက်အရ အဆိုပါတိုင်ကြားချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက အတိုင်းအတာတစ်ခုအထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပိုမိုကောင်းမွန်၍ ပွင့်လင်းမြင်သာမှုရှိသော အစိုးရတစ်ရပ်အဖြစ် ဖော်ဆောင်နိုင်ရန် အစီအစဉ်များ ချမှတ်ရေးဆွဲသွားမည်ဟုလည်း NUG အစိုးရဘက်က ကတိပြုခဲ့သည်။ အစိုးရဘက်မှ ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် တယ်လီကျန်းမာသည် တော်လှန်ရေးအကျိုးကို ရှေးရှု၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ရပ်အဖြစ်ပင် ဆက်လက်ရပ်တည်ကာ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ကတိပြုထားသည့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင် ပြောင်းလဲရေး အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း တယ်လီကျန်းမာအဖွဲ့က ဆိုသည်။ #တယ်လီကျန်းမာ #Telekyanmar #NUG #ကျန်းမာရေးဝန်ကြီးဌာန #စီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေး #PSM_News Post navigation ပုဂံ-ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းတွင် စစ်ကော်မရှင်ပတ်ကင်းကား တိုက်ခိုက်ခံရပြီး ၄ဦးသေဆုံး ပေါက်မြို့နယ်ရှိ ကပစ-၂၄ ကို ရိက္ခာပို့ရန် ပြင်ဆင်နေ၍ ပခုက္ကူ၊ မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်