မောင်မောင်ကဲ/PSM(News)

ဇူလိုင် ၂၄ ၊ ၂၀၂၆

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် အာဏာလုစစ်အုပ်စုက စစ်မှုထမ်းရန် လူစုဆောင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟု စွပ်စွဲ၍ စစ်ကြောရေးသို့ ဖမ်းဆီးပို့ဆောင်ခြင်းနှင့် လမ်းသွားလမ်းလာပြည်သူများကို အဓမ္မ ဖမ်းဆီးငွေညှစ်ခြင်းများကို ပိုမို ဆိုးရွားစွာ ပြုလုပ်လျက်ရှိကြောင်း Rangoon Scout Network နှင့် ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။

🟥လှိုင်၊ ဗဟန်းနှင့် ကမာရွတ်တို့တွင် ဧည့်စာရင်းစစ်၍ အဓမ္မဖမ်းဆီး

ယမန်နေ့ ဇူလိုင်လ ၂၃ ရက် ညပိုင်းတွင် လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ မာလာမြိုင် ၃ လမ်းရှိ နေအိမ်တစ်အိမ်သို့ အာဏာလုစစ်တပ်က ဝင်ရောက်စစ်ဆေးကာ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ယင်းညမှာပင် (၁၆) ရပ်ကွက်၊ ဦးအေးလမ်းရှိ တိုက်တစ်တိုက်ပေါ်သို့ စစ်မှုထမ်းရန်အတွက် လူဝင်ရောက်ရှာဖွေခဲ့သော်လည်း လူမတွေ့သဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင် ၂၃ ရက် ည ၈ နာရီ ၃၀ ခန့်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ထွန်းလင်းလမ်းအတွင်း ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီး အဆောင်တွင် နေထိုင်သည့် မကွေးတိုင်းဒေသခံ အမျိုးသားတစ်ဦးကို လက်ထိပ်ခတ်၍ ဖမ်းဆီးသွားခဲ့သည်။

ကမာရွတ်မြို့နယ်တွင်လည်း ဇူလိုင် ၂၃ ရက် ည ၈ နာရီခန့်က (၂) ရပ်ကွက်၊ စံရိပ်ငြိမ် ၄ လမ်းရှိ နေအိမ်တစ်အိမ်သို့ အကြမ်းဖက်စစ်တပ်က ရဲဆလွန်းကားတစ်စီး၊ အရပ်ကားသုံးစီးတို့ဖြင့် ရောက်ရှိလာပြီး အစစ်အဆေးဝင်ရောက်ကာ လူရှာဖွေခဲ့သည်။ ထို့နောက် အမျိုးသားတစ်ဦးကို လက်ထိပ်ခတ်၍ အရပ်ကားပေါ်တင်ကာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

🟥စတိုးဆိုင်နားလမ်းလျှောက်သူနှင့် စစ်ကြောရေး ပို့ခံရသူများ

ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီခန့်ကလည်း မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာအနီး ဦးဝိစာရလမ်းမပေါ်တွင် ယောကျ်ားလေး နှစ်ဦး လမ်းလျှောက်သွားစဉ် အာဏာလုစစ်အုပ်စု၏ ရဲဆလွန်းကား ရောက်ရှိလာပြီး စတိုးဆိုင်အတွင်း ဘီယာဝင်ဝယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့သည်။

ထို့အပြင် အာဏာလုစစ်တပ်သည် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်၊ (၁၉) ရပ်ကွက်တွင် နေထိုင်သည့် လူငယ်တစ်ဦးကို PDF/UG ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိတွင် စစ်ကြောရေးသို့ ပို့ဆောင်ကာ ရက်စက်စွာ နှိပ်စက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

🟥ကုန်ထမ်းသူများကို အလုပ်ပေးမည်ဟု လိမ်လည်၍ စစ်တပ်ထံ ရောင်းစားမှုဖြစ်ပွား

ရွှေပြည်သာမြို့နယ်၊ တညင်းကုန်းဈေးကြီးအတွင်း ကုန်ထမ်းနေသည့် အသက် ၄၀ အရွယ်နှင့် ၂၀ အရွယ် ကုန်ထမ်းသမား နှစ်ဦးကို ဇူလိုင်လ ၁၇ ရက်နေ့တွင် လူတစ်စုက အလုပ်ရှိသည်ဟု ဆိုကာ တက္ကစီဖြင့် လိမ်လည်ခေါ်ဆောင်သွားပြီး တောင်ငူမြို့ရှိ အာဏာလုစစ်တပ်စခန်းထံ ရောင်းစားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထို့နောက် စစ်တပ်ထံ ရောင်းစားခံရသူများနှင့် ပြန်လည်ဆက်သွယ်ရရှိသဖြင့် မိသားစုက သွားရောက် ထုတ်ယူရာတွင် တစ်ဦးလျှင် ကျပ် ၆၅ သိန်းစီ တောင်းခံသဖြင့် ငွေပေးချေခဲ့သော်လည်း အာဏာလု စစ်တပ်က ငွေသာယူပြီး လူပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထားကြောင်း ရန်ကုန်အခြေစိုက် လူမှုအဖွဲ့အစည်းများက ထံမှ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed