PSM(News)
ဇန်နဝါရီ ၁၉၊ ၂၀၂၆

မကွေးတိုင်း၊ ငဖဲမြို့နယ် တောင်ဘက်ခြမ်းရှိ ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

PRA-Magway တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များ အတွင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အဆိုပါ ဘိန်းစိုက်ခင်းများကို တွေ့ရှိခဲ့ပြီး ပိုင်ရှင်ကို စုံစမ်းခဲ့သော်လည်း တိတိကျကျ မသိရှိ၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် PRA-Magway တပ်ဖွဲ့လှုပ်ရှားနေသည့် ဒေသအတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ရောင်းဝယ် ဖောက်ကားခြင်းနှင့် လက်ဝယ်သိမ်းဆည်းခြင်းများကိုလည်း ထိရောက်စွာ တားဆီးနိုင်ရန် ကြပ်မတ် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေဖြင့် ဒေသတွင်း တရားဥပဒေ စိုးမိုးရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးကော်မတီက အသိပေးထားသည်။

ဓာတ်ပုံ-PRA-Magway

By Htet Ko