PSM(NEWS) ဖေဖော်ဝါရီ၁၇၊ ၂၀၂၆ ဥရောပသမဂ္ဂ (EU) က လက်ရှိ စဉ်းစားသုံးသပ်နေသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျင့်သုံးခဲ့သည့် မူဝါဒများနှင့် ဆင်တူနေကြောင်း စွပ်စွဲကာ အဆိုပါ မူဝါဒကို စွန့်လွှတ်ရန် အဖွဲ့အစည်းပေါင်း ၇၀ နီးပါးက ဖေဖော်ဝါရီ ၁၆ ရက်တွင် တောင်းဆိုလိုက်ကြသည်။ “ဒီခြိမ်းခြောက်မှုဟာ တကယ့်ကို လက်တွေ့ကျပြီး အရေးတကြီး တားဆီးဖို့ လိုအပ်နေပါတယ်” ဟု အဆိုပါအဖွဲ့များက ပူးတွဲပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ ၎င်းစာတွင် ရဲတပ်ဖွဲ့က အများပြည်သူဆိုင်ရာ နေရာများနှင့် ပုဂ္ဂလိကပိုင် နေရာများကို ဝင်ရောက်စီးနင်းခြင်းနှင့် လူမျိုးရေးအပေါ် အခြေခံ၍ ခွဲခြားစစ်ဆေးခြင်းများအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည်။ “သူတို့ဟာ အထောက်အထားမဲ့ နေထိုင်သူတွေကို ‘ရှာဖွေဖော်ထုတ်ဖို့’ အဖွဲ့ဝင်နိုင်ငံတွေကို ဖိအားပေးချင်နေကြတာပါ။ ဒါဟာ နေ့စဉ် လူမှုဘဝပတ်ဝန်းကျင်တွေနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် အာဏာပိုင်အဖွဲ့ (ICE) လိုမျိုး အတင်းအကျပ် ဖမ်းဆီးနှင်ထုတ်တဲ့ လက်နက်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာပဲ ဖြစ်တယ်” ဟု သတိပေးထားသည်။ အမေရိကန်တွင် ဒေါ်နယ်ထရမ့် အစိုးရသည် အထောက်အထားမဲ့ နေထိုင်သူ သန်းနှင့်ချီ၍ ပြည်နှင်ဒဏ်ပေးရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ သို့သော်လည်း အဆိုပါ အေဂျင်စီများမှ လက်နက်ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ် အရာရှိများ၏ ဝင်ရောက်စီးနင်းမှုများကြောင့် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး၊ နှိမ်နင်းမှုများအတွင်း အမေရိကန်နိုင်ငံသား နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ “အမေရိကန်က ICE ရဲ့ လုပ်ရပ်တွေကိုတော့ ကျွန်မတို့က ဒေါသတကြီး ကန့်ကွက်နေပြီး ဥရောပမှာကျတော့ အဲဒီလို လုပ်ရပ်မျိုးတွေကို ထောက်ခံနေလို့ မရပါဘူး” ဟု နိုင်ငံတကာအထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Platform for International Cooperation on Undocumented Migrants)မှ မီရှဲလ် လီဗွိုင်းကပြောကြားသည်။ ဥရောပကော်မရှင်က တိုက်တွန်းနေသည့် ပြုပြင်ပြောင်းလဲမှုတွင် ခိုလှုံခွင့် ငြင်းပယ်ခံရသူများအတွက် အီးယူနယ်စပ် ပြင်ပ၌ “နေရပ်ပြန်ပို့ရေး ဗဟိုစခန်းများ” တည်ဆောက်ရန် ခွင့်ပြုထားသည်။ ထို့ပြင် အီးယူနယ်မြေအတွင်းမှ ထွက်ခွာရန် ငြင်းဆန်သူများအပေါ် ပိုမိုပြင်းထန်သည့်အရေးယူမှုများချမှတ်ရန်ပြဋ္ဌာန်းထားရာ ၎င်းတွင် ထိန်းသိမ်းရက် တိုးမြှင့်ခြင်းနှင့် သက်သေခံ အထောက်အထား စာရွက်စာတမ်းများကို သိမ်းဆည်းခြင်းတို့ ပါဝင်သည်။ အဆိုပါ အစီအမံများကို အီးယူအဖွဲ့ဝင် နိုင်ငံအများစုက အတည်ပြုပြီး ဖြစ်သော်လည်း ဥရောပလွှတ်တော်အတွင်းရှိ လက်ဝဲယိုင်သည့် အုပ်စုများနှင့် လူ့အခွင့်အရေး အဖွဲ့များကမူ ပြင်းထန်စွာ ရှုတ်ချထားကြသည်။ သို့သော်လည်း အီးယူ အမှုဆောင်အဖွဲ့ကမူ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ရွှေ့ပြောင်းနေထိုင်သူများ၏ အခြေခံ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း ဖြစ်ကြောင်းနှင့် ဥရောပနိုင်ငံသား အများစုက ထောက်ခံကြသည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။ ကိုးကား AFP #အီးယူ #လူဝင်မှုကြီးကြပ်ရေး #မူဝါဒအသစ် #ပြင်းထန်စွာဝေဖန် #ဥရောပနိုင်ငံသား #ထောက်ခံ #PSM_News Post navigation ရုရှား-ယူကရိန်းစစ်ပွဲတွင် ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သည်မိသားစုများအတွက် နေအိမ်ရာသစ်တစ်ခုကို ကင်ဂျုံအွန် ဖွင့်လှစ်ပေး ဖိလစ်ပိုင်နိုင်ငံ၏ ရေပိုင်နက်အတွင်း မဟာမိတ် ရေတပ်များ ပူးတွဲလေ့ကျင့်မှု ပြီးဆုံး