PSM(News) စက်တင်ဘာ ၁၁၊၂၀၂၆ ဗြိတိန်နိုင်ငံသည်SpaceXကုမ္ပဏီ၏ဂြိုဟ်တုဝန်ဆောင်မှုများအတွက်အမေရိကန်ဒေါ်လာ၄၀သန်းနီးပါးသုံးစွဲခဲ့ပြီးစစ်ရေးဆက်သွယ်ရေးကိစ္စများတွင်အဆိုပါကုမ္ပဏီအပေါ်မှီခိုအားထားမှုကိုပိုမိုတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနသည် SpaceX၏ စစ်ရေးနှင့် ထောက်လှမ်းရေးမစ်ရှင်များအတွက် ရည်ရွယ်သည့် Starshield စနစ်ကို အသုံးပြုကြောင်း လူသိရှင်ကြား ဝန်ခံသည့် အမေရိကန်နိုင်ငံပြင်ပရှိ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ Starshield တာမီနယ် ၁,၀၀၀ ခန့်နှင့် Starlink တာမီနယ် ၅၀၀ ခန့် ရှိနေပြီဖြစ်သည်။ ဥရောပအစိုးရများသည် ဝါရှင်တန်ဒီစီ၏ ရေရှည်လုံခြုံရေးဆိုင်ရာ ကတိကဝတ်များအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် ၎င်းတို့၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် အလယ်ပိုင်းကတည်းက Starlink ကို စတင်အသုံးပြုခဲ့ပြီး၊ နောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး အသွားအလာများကို Starshieldသို့ ပြောင်းလဲအသုံးပြုလာခဲ့ခြင်း ဖြစ်သည်။ SpaceXကုမ္ပဏီအနေဖြင့် အရပ်ဘက်သုံးအတွက် Starlinkကို သီးသန့်ထားရှိပြီး အစိုးရနှင့် အမျိုးသားလုံခြုံရေးဖောက်သည်များအတွက်မူ Starshieldကို ရည်ရွယ်ထုတ်လုပ်ထားသည်။ Starshieldသည် သာမန်Starlinkထက် ဈေးနှုန်းပိုမိုကြီးမြင့်ပြီး တာမီနယ်တစ်ခုလျှင် ပေါင် ၄,၀၀၀ မှ ၇,၀၀၀ အထိ ကျသင့်ကာ လစဉ်ကြေးအနေဖြင့် ပေါင် ၅,၅၀၀ မှ ပေါင် ၂၅,၀၀၀ အထိ ကျရောက်နိုင်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသည် ၎င်းတို့၏ ကိုယ်ပိုင်စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်ဖြစ်သောSkynetကိုလည်း ပိုင်ဆိုင်ထားပြီး၊ Starlinkအပြင် အဓိကကျသော ကမ္ဘာပတ်လမ်းနိမ့် ဂြိုဟ်တုကွန်ရက်များကို လုပ်ကိုင်နေသည့် ပြင်သစ်အခြေစိုက် Eutelsat ကုမ္ပဏီတွင်လည်း ရှယ်ယာရှင်တစ်ဦး ဖြစ်သည်။ ကိုးကား -Reuters Post navigation တရုတ်နိုင်ငံအရှေ့ပိုင်းသင်္ဘောကျင်းတွင်ကုန်တင်သင်္ဘောမီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံး