PSM (News)

စက်တင်ဘာ ၁၁၊ ၂၀၂၆

တောင်တရုတ်ပင်လယ်ပြင် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်သည် စက်တင်ဘာ ၁၃ ရက်အတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန က ထုတ်ပြန်ထားပြီး အဆိုပါ မုန်တိုင်းသည် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

နိမ့်ဆင်းလာသည့် မုတ်သုံမြောင်တန်းနှင့်အတူ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်း၏ ဆွဲအားကြောင့် ကပ္ပလီပင်လယ်ပြင်၊ မုတ္တမကွေ့နှင့် မြန်မာ့ကမ်းရိုးတန်းတို့တွင် အနောက်တောင်မုတ်သုံလေ အားကောင်းလာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးလေဝသ စနစ်များ အပြောင်းအလဲကြောင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် စက်တင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ မိုးရွာသွန်းမှု ခဏတာ လျော့ပါးသွားနိုင်သော်လည်း ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် စက်တင်ဘာ ၁၅ ရက်အထိ မိုးဆက်တိုက် ရွာသွန်းနိုင်သဖြင့် ပဲခူးရိုးမ အရှေ့ဘက် တောင်ခြေဒေသများနှင့် မြေနိမ့်ပိုင်းများတွင် လျှိုရေဆင်းခြင်းနှင့် ရေဝပ်ခြင်းများကို သတိပြုကြရန် လိုအပ်သည်။

စက်တင်ဘာ ၁၅ ရက် နောက်ပိုင်းတွင်မူ အရှေ့ဘက်မှ မိုးတိမ်များ တိုးဝင်လာမည်ဖြစ်၍ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးပြန်လည် အားကောင်းလာပြီး နေရာကွက် မိုးကြီးခြင်းများ ဆက်တိုက် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်မှုများအရ သိရသည်။

ထို့ကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ တောင်ခြေဒေသများနှင့် တောင်ကြားလမ်းများတွင် နေထိုင်သူများအနေဖြင့် ရုတ်တရက် တောင်ကျချောင်းရေကျခြင်း၊ တောင်ကုန်းတောင်စောင်း မြေပြိုခြင်း အန္တရာယ်များကို အထူးသတိပြုကြရန် လိုအပ်သလို ငဝန်မြစ်ဝှမ်း ရေဘေးသင့် ဒေသများတွင်လည်း ရေကျဆင်းမှု နှောင့်နှေးနိုင်ကြောင်း သတိပေးထားသည်။

ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြား မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ ရခိုင်၊ ဧရာဝတီ၊ ကရင်၊ ချင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ကချင်နှင့် ကရင်နီပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးသည်းထန်နိုင်ကြောင်း သိရသည်။

မြစ်ရေအခြေအနေများနှင့် ပတ်သက်၍ မယ်ဆိုင်ချောင်းရေနှင့် သံလွင်မြစ်ရေတို့သည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်၌ ဆက်လက် တည်ရှိနေဦးမည် ဖြစ်ပြီး စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင်လည်းကောင်း၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင်လည်းကောင်း၊ ငဝန်မြစ်နှင့် တိုးမြစ်တို့သည်လည်း အနည်းငယ် မြင့်တက်လာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ မိုးသက် လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရှိနိုင်သဖြင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများနှင့် ပင်လယ်ပြင် ခရီးသွားများအနေဖြင့် ရုတ်တရက် လှိုင်းကြီးလေထန်သည့် အန္တရာယ်ကို အထူးသတိပြု သွားလာကြရန် နှိုးဆော်ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed