PSM(NEWS)

ဧပြီ ၂၄၊၂၀၂၆

ထိုင်ဝမ်သမ္မတ၏ လေကြောင်းဖြတ်သန်းခွင့် ခွင့်ပြုချက်များကို ပြန်လည်ရုပ်သိမ်းရန် အာဖရိကနိုင်ငံအချို့အပေါ် တရုတ်က ဖိအားပေးနေခြင်းနှင့် ပတ်သက်၍ ဝါရှင်တန်၏ ဝေဖန်ကန့်ကွက်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်ပယ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ သံတမန်မဟာမိတ်ဖြစ်သော အက်စ်ဝါတီနီ နိုင်ငံသို့ သွားရောက်မည့် သမ္မတ၏ ခရီးစဉ်အတွင်း လေကြောင်းပိုင်နက် ဖြတ်သန်းခွင့် ပေးထားချက်ကို ဆေးရှဲလ် ၊ မောရစ်ရှ နှင့် မဒါဂတ်စကာ နိုင်ငံတို့က တစ်ဖက်သတ် ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ထိုင်ဝမ်ဘက်က ယခုအပတ်တွင် ထုတ်ပြန်ခဲ့သည်။

လေကြောင်းပိုင်နက် အသုံးပြုခွင့် ပိတ်ပင်ခံရမှုကြောင့် ထိုင်ဝမ်သမ္မတတစ်ဦးအနေဖြင့် ပြည်ပခရီးစဉ်တစ်ခုလုံးကို ပထမဦးဆုံးအကြိမ်အဖြစ် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။ ၎င်းမှာ ထိုင်ဝမ်၏ နိုင်ငံတကာဆက်ဆံရေးကို ဟန့်တားရန် တရုတ်နိုင်ငံက ဗျူဟာအသစ်ဖြင့် အရှိန်မြှင့်ဆောင်ရွက်လာခြင်း ဖြစ်သည်ဟု ရှုမြင်ကြသည်။

ဘေဂျင်းတွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျိခွန်း က အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေးကို အသုံးချကာ တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်တစ်နိုင်ငံတည်းမူဝါဒ ကို ထိန်းသိမ်းဖို့ သက်ဆိုင်ရာနိုင်ငံတွေက လုပ်ဆောင်တဲ့ တရားမျှတတဲ့ အစီအမံတွေအပေါ် အမေရိကန်ရဲ့ အခြေအမြစ်မရှိတဲ့ ဝေဖန်မှုဟာ အမှားနဲ့ အမှန်ကို ရောထွေးစေပြီး အဖြူကို အမည်းသရုပ်ဖော်နေတာ ဖြစ်တယ်” ဟု ကောက သတင်းထောက်များကို ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အဆိုပါ အာဖရိက သုံးနိုင်ငံသည် တရုတ်၏ တိုက်တွန်းချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမှာ ထိုင်ဝမ်နှင့် ထိုင်ဝမ်ကို ထောက်ခံသူများအပေါ် ဘေဂျင်းက လုပ်ဆောင်နေသည့် “ခြိမ်းခြောက်ဟန့်တားရေး လှုပ်ရှားမှု” ၏ နောက်ထပ်သာဓကတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးမှုတွေကို ရပ်တန့်ဖို့နဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ပိုင်းနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဘေဂျင်းကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ထိုင်ပေမြို့ရှိ အမေရိကန် ထိပ်တန်းသံတမန် ရေမွန်ဂရင်း က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ (EU) နှင့် ထိုင်ပေရှိ ဗြိတိန်သံတမန်တို့ကလည်း ယင်းကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြသည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် သည် ဗုဒ္ဓဟူးနေ့တွင် အာဖရိကတောင်ပိုင်းရှိ အက်စ်ဝါတီနီနိုင်ငံသို့ ထွက်ခွာရန် စီစဉ်ထားသော်လည်း လေကြောင်းပိုင်နက် အခက်အခဲကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း အင်္ဂါနေ့ညက ကြေညာခဲ့သည်။

တရုတ်နိုင်ငံသည် အာဖရိက သုံးနိုင်ငံ၏ လေကြောင်းပိုင်နက်ကို ပိတ်ပင်စေရန် စီးပွားရေးအရ “အကျပ်ကိုင်မှု” များ အသုံးပြုခဲ့သည်ဟု ထိုင်ဝမ်က ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်နိုင်ငံကမူ ဖိအားပေးသည်ဆိုသည့် စွပ်စွဲချက်ကို ငြင်းဆိုထားပြီး လိုင်ချင်းတယ် ၏ ခရီးစဉ် ပိတ်ဆို့ခံရမှုအပေါ် ကျေနပ်အားရကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ၎င်း၏ ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး အခြားနိုင်ငံများနှင့် ဆက်ဆံခွင့်မရှိဟု ဆိုထားသော်လည်း လိုင်ချင်းတယ် နှင့် ၎င်း၏အစိုးရက ယင်းအချက်ကို ပြင်းပြင်းထန်ထန် ပယ်ချထားသည်။ လက်ရှိတွင် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံသာ ကျန်ရှိတော့သည်။

ကိုးကား -Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed