ယနေ့ (၈ – ၅ – ၂၀၂၆ ) အတွက် မိုးလေဝသခန့်မှန်းချက်များ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဒီတစ်ပတ်အတွင်း စတင်ဖြစ်ပေါ်လာနိုင်ပြီး ဒီလေဖိအားနည်းရပ်ဝန်းဟာ အားကောင်းပြီး မုန်တိုင်းဖြစ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။ လာမယ် မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ သီရိလင်္ကာနိုင်ငံ အရှေ့ဘက်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ လေထုလည်ပတ်မှုတွေ စတင်သိသာလာတာကို တွေ့ရပြီး မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းကို ဦးတည်ရွေ့လျားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် မေလ ၁၂ ရက်နေ့ဝန်းကျင်မှာတော့ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်အတွင်း စတင်အခြေပြု ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီကွေတာအနီးကနေ တက်လာတဲ့ အနောက်လေစီးကြောင်းတွေဟာ သီရိလင်္ကာအရှေ့ဘက်မှာ လေဝဲတစ်ခုဖြစ်နေပြီး မုတ်သုံလေကို ဆွဲတင်ပေးမယ့် မုတ်သုံလေဝဲ (Monsoon Vortex) အဖြစ် အားကောင်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်း နဲ့အတူ အနောက်တောင်လေတွေဟာလည်း ဘင်္ဂလားပင်လယ်အော်အတွင်းကို တိုးဝင်လာတော့မှာ ဖြစ်ပြီး မေလ ၁၃ ရက်နေ့ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံတောင်ပိုင်း ကပ္ပလီပင်လယ်ပြင်ဆီကို အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်လာနိုင်မှာပါ။ ဒီနေ့မှာတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာသွန်းနိုင်မှာဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသတွေမှာလည်း မိုးရွာသွန်းနိုင်ဖို့ ရှိနေ ပါတယ်။ ဒါ့အပြင် မနက်ဖြန် မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း နေရာစိပ်စိပ် မုတ်သုန်အကြိုမိုးတွေ ရွာသွန်းနိုင်မှာဖြစ်ပြီး မေလ ၁၁ ရက်မှာတော့ နေရာကွက် မိုးသည်းထန်တာတွေ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့အတွက် ဒေသအလိုက်မိုးရွာသွန်းမှုအခြေအနေတွေမှာတော့ ရှမ်းပြည် အရှေ့ပိုင်းနဲ့ တောင်ပိုင်း ကရင်နီပြည် မဲခူးတိုင်းအရှေ့ခြမ်းနဲ့ ကရင်ပြည်တို့မှာ မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး မွန်ပြည်နဲ့ တနင်္သာရီတိုင်းတို့မှာတော့ နေရာစိပ်စိပ် မိုးအနည်းငယ်ရွာသွန်းနိုင်မှာ ဖြစ်ပါတယ်။ ပဲခူးတိုင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာလည်း နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ နေရာကွက်ကျားမိုးရွာသွန်းနိုင်မှာ ဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ထွန်းနိုင်မှုအခြေအနေမှာတော့ ကချင်ပြည် စစ်ကိုင်းတိုင်း မန္တလေးတိုင်း မကွေးတိုင်း ချင်ပြည် ရခိုင်ပြည် ဧရာဝတီတိုင်း မွန်ပြည် တနင်္သာရီတိုင်း ကရင်ပြည်နဲ့ ရှမ်းပြည်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်ပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာတလျောက် မိုးသည်းထန်ခြင်း လေပြင်းတိုက်ခတ်ခြင်း မိုးကြိုးပစ်ခြင်း စတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြု နေထိုင်ကြဖို့ အကြံပြုလိုပါတယ်။ ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်အတွင်း မိုးများနိုင်တဲ့ ဒေသတွေကတော့ ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း ကရင်နီပြည် ပဲခူးတိုင်းအရှေ့ခြမ်း နဲ့ ကရင်ပြည်တို့မှာ မိုးများနိုင်ပြီး မိုးရေချိန် ၂ လက်မ ဝန်းကျင်ခန့်အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့် ရှိနိုင်ပြီး လှိုင်းအမြင့် ၄ ပေကနေ ၆ ပေခန့်ရှိနိုင်တာကြောင့် ကမ်းနီးကမ်းဝေးရေလုပ်သားတွေအနေနဲ့ သတိနဲ့ သွားလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။ PSM ရဲ့ ပရိတ်သတ်များရှင် မိုးလေဝဖြစ်စဉ်တွေဟာ များသောအားဖြင့် ၇၀ ရာခိုင်နှုန်းခန့်သာ မှန်နိုင်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *