PSM(NEWS)

ဧပြီ ၈ ၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ကရာဘီ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်ပြည်ထောင်စု စစ်ဘက်လေယာဉ်များ တစ်နေ့လျှင် အကြိမ်ရေဒါဇင်နှင့်ချီ၍ ဆင်းတက်နေသည်ကို တွေ့ရှိရသည့်အတွက် ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းများအရ C-130 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ MV-22 Osprey အမျိုးအစား အင်ဂျင်လှည့်လေယာဉ်များနှင့် H-60 Seahawkအမျိုးအစား ရဟတ်ယာဉ်များသည် နေ့ညမပြတ် ပျံသန်းနေကြကြောင်း သိရသည်။

အဆိုပါလေယာဉ်များသည် အနိမ့်ပျံသန်းမှုများ ပြုလုပ်လေ့ရှိပြီး ဆူညံသံများအလွန်အမင်း ထွက်ပေါ်နေသည်ဟု သတင်းများက ဆိုသည်။

ထို့ပြင် လေယာဉ်ပေါ်မှ ဆင်းလာသူအများစုမှာ စစ်ဘက်ဆိုင်ရာဝတ်စုံနှင့် ဆင်တူသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ပုံမှန်ခရီးသည်များ အသုံးပြုသည့် လေဆိပ်အဆောက်အအုံနှင့်သီးခြားခွဲထားသော နေရာကိုအသုံးပြုနေကြခြင်းက ပြည်သူများ၏ စူးစမ်းလိုစိတ်နှင့် စိုးရိမ်မှုကို ပိုမိုမြင့်တက်စေခဲ့သည်။

ယခုကဲ့သို့ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကြောင့် ဒေသခံများအကြား အမျိုးမျိုးသော ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်နေသည်။

အချို့က အန်ဒမန်ပင်လယ်ဒေသတွင် အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်နိုင်ကြောင်း သံသယရှိနေကြပြီး အချို့ကမူအရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများနှင့် ဆက်နွှယ်သည့် တပ်ဖွဲ့ဝင်များရွှေ့ပြောင်းမှုဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြသည်။

ထိုင်းနိုင်ငံသည် နိုင်ငံတကာ ပဋိပက္ခများတွင် ကြားနေဝါဒကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည်နှင့်အညီ အရပ်ဘက်လေဆိပ်တစ်ခုတွင် စစ်ဘက်လေယာဉ်အများအပြားကို မည်သူက ခွင့်ပြုပေးခဲ့သနည်းဆိုသည့် အချက်နှင့် စစ်ဘက်အခြေစိုက်စခန်းကို အသုံးမပြုဘဲ ကရာဘီ လေဆိပ်ကို အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်းဟူသော မေးခွန်းများလည်း ထွက်ပေါ်နေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လေဆိပ်တာဝန်ရှိသူများက ပြည်သူများ ထိတ်လန့်စိုးရိမ်မှုမဖြစ်စေရန်အတွက် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုထားသည်။

ထိုင်းဘုရင့်လေတပ် (Royal Thai Air Force) မှ ပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းတို့အနေဖြင့် ယခုအခြေအနေကို လက်ရှိအချိန်ထိ သိရှိခြင်းမရှိသေးသဖြင့် နောက်ထပ်အချက်အလက်များကို ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးကြောင်းပြောကြားခဲ့သည်။

ကိုးကား Khaosod

By Htet Ko