ဂျူနီယာဘမောင်/PSM(News)ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆ မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် အမိန့်အမှတ် (၁၅/၂၀၂၆) သည် ပြည်သူများကြားတွင် ဝေဖန်ဆွေးနွေးစရာ ဖြစ်လာခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်သည် ကိုဖြိုးပါ ၁၂ ဦးက ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် “အဂတိလိုက်စားမှု၊ အလွဲသုံးစားမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု” တို့ဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် တိုင်ကြားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ NUG ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာအရ ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် “နှုတ်ဖြင့် ချိုသာမှုမရှိဘဲ ပြောဆိုဆက်ဆံခြင်း” ရှိခဲ့သည်ကို အတည်ပြုခဲ့ပြီး အဆိုပါ အပြုအမူအတွက် “ပြင်းထန်စွာ သတိပေးခြင်း” ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ယခု ဆောင်းပါးသည် ဒေါ်ကြည်ပြာ၏ အမှားအမှန်ကို ငြင်းခုံရန် မဟုတ်ဘဲ၊ NUG ၏ အရေးယူမှုပုံစံကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုများ ပပျောက်ရေးဆိုင်ရာ စံနှုန်းများနှင့် နှိုင်းယှဉ်ကာ လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒရှုထောင့်မှ သုံးသပ်တင်ပြခြင်း ဖြစ်ပါသည်။အပြောအဆို ကြမ်းတမ်းခြင်းသည် အခွင့်အရေးချိုးဖောက်မှုဖြစ်သည် နိုင်ငံတကာ စံနှုန်းများအရ လုပ်ငန်းခွင်အတွင်း “အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှု” ဆိုသည်မှာ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ ILO ပြဋ္ဌာန်းချက် အမှတ်-၁၉၀ ( ILO Convention No. 190) အရ စိတ်ပိုင်း ဆိုင်ရာနှင့် မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အပြုအမူမှန်သမျှသည် နှောင့်ယှက်မှု (Harassment) မြောက်ပါသည်။ ILO ပြဋ္ဌာန်းချက်အမှတ် ၁၉၀ (C190) သည် လုပ်ငန်းခွင်အတွင်း အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက် မှုများကို တားဆီးကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ အတည်ပြုခဲ့သည့် ပထမဆုံးသော နိုင်ငံတကာသဘောတူ စာချုပ်ဖြစ်သည်။ အဆိုပါစာချုပ်သည် လိင်အခြေခံ အကြမ်းဖက်မှုများအပါအဝင် နှုတ်ဖြင့်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အားလုံးကို တားမြစ်ပြီး၊ လုပ်ငန်းခွင်နှင့် ဆက်စပ်သည့် နေရာအားလုံးတွင် လေးစားမှုရှိသော လုပ်ငန်းပတ်ဝန်းကျင် ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်သည်။ လုပ်ငန်းခွင်အတွင်း အပြောအဆို ကြမ်းတမ်းခြင်းသည် ဝန်ထမ်းတစ်ဦးကို ကြောက်ရွံ့ထိတ်လန့်စေခြင်း နှင့် ပြင်းထန်သော စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေခြင်းပင်ဖြစ်သည်။ ထို့အတူ လူအများရှေ့တွင် ရိုင်းစိုင်းစွာ ပြောဆိုခြင်းသည် လူသားတစ်ဦး၏ အခြေခံဂုဏ်သိက္ခာကို ချိုးဖောက်ခြင်း ဖြစ်ပါသည်။ ထိုအပြုအမူ များက လုပ်ငန်းခွင်ကို အလုပ်လုပ်ရန် စိတ်မချမ်းမြေ့စရာ နေရာအဖြစ် ပြောင်းလဲစေသည့်အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုပင် ဖြစ်ပါသည်။ NUG ၏ ထုတ်ပြန်ချက်တွင် တိုင်ကြားသူများက “လူ့အခွင့်အရေး ချိုးဖောက်မှု” ဟု အတိအလင်း တိုင်ကြားထားသော်လည်း အစိုးရ၏ အဆုံးအဖြတ်တွင်မူ “ချိုသာစွာ ပြောဆိုဆက်ဆံမှု မရှိခြင်း” ဟုသာ သုံးနှုန်း၍ ပြဿနာ၏ လေးနက်မှုကို လျှော့ချထားသည်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။ #စုံစမ်းစစ်ဆေးမှု၏ပွင့်လင်းမြင်သာမှုနှင့်တာဝန်ခံမှု ထုတ်ပြန်ချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဝန်ကြီးချုပ်ကပင် ဖွဲ့စည်းခဲ့ပြီး အစီရင်ခံစာကိုလည်း ဝန်ကြီးချုပ်ထံသို့သာ ပြန်လည်တင်ပြခဲ့ခြင်းဖြစ်သည်။ တိုင်ကြားခံရသူသည် ဝန်ကြီးချုပ်ရုံး၏ အဆင့်မြင့်အရာရှိ ဖြစ်နေသည့်အတွက် “ကိုယ့်လူကိုယ် ပြန်စစ်” သည့် ယန္တရားတွင် နိုင်ငံတကာ စံနှုန်းဖြစ်သော လွတ်လပ်သော တတိယ အဖွဲ့အစည်းဖြင့် စစ်ဆေးခြင်း မရှိသည်ကို တွေ့ရပါသည်။ ထို့ပြင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ “တိုင်ကြားသူများဘက်မှ သက်သေပြနိုင်ခြင်းမရှိ” ဟု ဆိုသော် လည်း လုပ်ငန်းခွင်အတွင်း အာဏာအလွဲသုံးစားမှု ဖြစ်စဉ်များတွင် ကျူးလွန်ခံရသူများဘက်မှ သက်သေ ပြရန် ခက်ခဲတတ်ခြင်းကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ #ဘယ်သူဖြစ်ဖြစ်လုံးဝလက်သင့်မခံသည့်မူဝါဒ (Zero Tolerance Policy) လုပ်ငန်းခွင်အတွင်း နှောင့်ယှက်မှုများနှင့် ပတ်သက်လာလျှင် ကမ္ဘာတစ်ဝှမ်းတွင် “လုံးဝလက်သင့် မခံသည့် မူဝါဒ” ကို ကျင့်သုံးကြပါသည်။ ကျူးလွန်သူ၏ ရာထူးမည်မျှပင် မြင့်မားသည်ဖြစ်စေ ထိရောက်စွာ အရေးယူရန် ဖြစ်ပါသည်။ အကယ်၍ အပြောအဆို ကြမ်းတမ်းမှုသည် ထပ်ခါတလဲလဲ ဖြစ်နေပါက “သတိပေးစာ” ထုတ်ရုံမျှဖြင့် မလုံလောက်ပါ။ နိုင်ငံတကာ စံနှုန်းများအရ ဤသည်ကို ပြင်းထန်သော အမှားအဖြစ် သတ်မှတ်ကာ ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် ထိရောက်သော အပြစ်ပေးခြင်းများ ပြုလုပ်ရမည် ဖြစ်ပါသည်။ #နစ်နာသူများကိုကုစားပေးရန် NUG ၏ ထုတ်ပြန်ချက်တွင် အားနည်းချက်အဖြစ် တွေ့ရှိရသည်မှာ နစ်နာသူများအတွက် ကုစားမှုနှင့် အကာအကွယ်ပေးမှု အသေးစိတ် မပါဝင်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ စံနှုန်းများအရ တိုင်ကြားခဲ့သူ ဝန်ထမ်း ၁၂ ဦးနှင့် သက်သေများသည် နောင်တွင် အလုပ်ခွင် အတွင်း ခွဲခြားဆက်ဆံခံရခြင်း သို့မဟုတ် လက်စားချေ တုံ့ပြန်ခံရခြင်း မရှိစေရန် အာမခံချက် ပေးရမည် ဖြစ်ပါသည်။ နစ်နာမှုအတွက် ကုစားသည့်အနေဖြင့် ကြမ်းတမ်းစွာ ပြောဆိုခံခဲ့ရသည့် ဝန်ထမ်းများ အတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးခြင်း သို့မဟုတ် ဂုဏ်သိက္ခာအရ ပြန်လည် တောင်းပန်မှုများ ပြုလုပ်ပေးသင့်ပါသည်။ ထို့ပြင် NUG ဝန်ကြီးဌာနများအတွင်း အခြား အခြားသော နစ်နာသူများအတွက်ပါ လုံခြုံစိတ်ချရသည့် တိုင်ကြားမှုစနစ် ယန္တယားကို ဖော်ဆောင်ထားရန် လိုအပ်ပါသည်။ #နိုင်ငံတကာအထောက်အပံ့များနှင့်တာဝန်ခံမှု နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတိုင်းတွင် “ဘေးကင်းလုံခြုံမှုဆိုင်ရာ မူဝါဒများ (Safeguarding Policies)” အတိအကျ ရှိပါသည်။ အကယ်၍ အဆိုပါဌာနသည် နိုင်ငံတကာ အထောက်အပံ့များကို ရယူထားပါက ကျူးလွန်သူအား အရေးယူမှုသည် အလှူရှင်တို့၏ စံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးရန် လိုအပ်မည် ဖြစ်ပါသည်။ ယင်းသည် အစိုးရတစ်ရပ်အနေဖြင့် လုပ်ငန်းခွင်အတွင်း နှောင့်ယှက်မှုများအပေါ် တာဝန်ခံရမည့် အပိုင်းပင် ဖြစ်ပါသည်။ အချုပ်အားဖြင့် ဆိုရလျှင် NUG အနေဖြင့် မိမိ၏ အစိုးရလုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေ များကို အရှိအတိုင်း ထုတ်ပြန်ခဲ့သည်မှာ ကောင်းမွန်သည့် ခြေလှမ်းဖြစ်သော်လည်း အရေးယူမှုနှင့် ကုစားမှု အပိုင်းတွင် နိုင်ငံတကာစံနှုန်းများသို့ ရောက်ရှိရန် များစွာ လိုအပ်နေသေးသည်ကို တွေ့ရသည်။ ထို့ကြောင့် အနာဂတ်တွင် လုပ်ငန်းခွင်အတွင်း နှောင့်ယှက်မှုများကို လုံးဝလက်မခံသည့် စနစ်တစ်ရပ်ကို NUG အနေဖြင့် ခိုင်ခိုင်မာမာ တည်ဆောက်ရန်နှင့် ကျူးလွန်ခံရသူများအတွက် ထိရောက်သော အကာအကွယ်ပေးမှုများ ပြုလုပ်ရန် တိုက်တွန်းလိုပါသည်။ တရားဥပဒေစိုးမိုးရေးနှင့် လုပ်ငန်းခွင် ဂုဏ်သိက္ခာသည် အစိုးရတစ်ရပ်၏ ယုံကြည်ကိုးစားမှုကို တည်ဆောက်ရာတွင် အဓိကကျသော အခြေခံအုတ်မြစ်ပင် ဖြစ်သည် ဆိုသော အချက်အား ပြည်သူ့ကို မျက်နှာမူ၍ သတိပြုသင့်ပါသည်။ ဖော်ပြပါ အတွေးအမြင်ဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။ (အယ်ဒီတာအဖွဲ့) #အတွေးအမြင်ဆောင်းပါး#ဂျူနီယာဘမောင်#PSM_News