PSM (News)

မေ ၁၄၊ ၂၀၂၆

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ၁၂ လတာကာလအတွင်း စစ်ကိုင်း၊ မကွေး၊ ရန်ကုန်နှင့် နေပြည်တော်ရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် အာဏာလုစစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၁,၁၂၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပဉ္စမမဏ္ဍိုင်ပြည်သူကူညီရေးအဖွဲ့ (PMCSG) က ထုတ်ပြန်သည်။

သုတေသနစစ်တမ်း ကောက်ယူခဲ့သည့် ဒေသများအနက် စစ်ကိုင်းတိုင်းသည် ဖြစ်စဉ် ၆၇၀ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ရာဇဝတ်မှု ၃၅၁ ကြိမ်အထိ ပါဝင်နေသည်ကို တွေ့ရှိရသည်။

ဒုတိယအများဆုံးဖြစ်ပွားသည့် ရန်ကုန်တိုင်းတွင် ဖြစ်စဉ်ပေါင်း ၂၃၆ ကြိမ်ရှိခဲ့ရာ စစ်အုပ်စု၏ လူ့အခွင့် အရေးချိုးဖောက်မှု ၂၁၈ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေ တွင်လည်း ဖြစ်စဉ် ၁၂၁ ကြိမ်အနက် လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၂ ကြိမ်အထိ ရှိခဲ့ကြောင်း မှတ်တမ်း တင်ထားသည်။

ထို့အပြင် မကွေးတိုင်း ဂန့်ဂေါခရိုင်တွင် ဖြစ်စဉ် ၉၅ ကြိမ် ကောက်ယူနိုင်ခဲ့ပြီး စစ်ရာဇဝတ်မှု ၇၂ ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားခဲ့သည်။

PMCSG စစ်တမ်းအရ စစ်ကိုင်းတိုင်းနှင့် ဂန့်ဂေါခရိုင်တို့တွင် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများ အဓိကဖြစ်ပွားနေပြီး၊ ရန်ကုန်နှင့် နေပြည်တော်ကဲ့သို့ မြို့ပြဒေသများတွင်မူ မတရားဖမ်းဆီးနှိပ်စက်ခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များ ပိုမိုများပြားနေသည်ကို တွေ့ရသည်။

အဆိုပါစစ်တမ်းကို ခရိုင် ၁၁ ခုအတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အခြေခံ၍ ကောက်ယူခဲ့ ခြင်းဖြစ်ပြီး မြေပြင်တွင် ကျူးလွန်ခံနေရသည့် ဆိုးရွားသော ဖြစ်ရပ်များကို မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပဉ္စမမဏ္ဍိုင်ပြည်သူကူညီရေးအဖွဲ့က ဆိုသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *