PSM(NEWS)

ဧပြီ ၂၄၊ ၂၀၂၆

ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုဖြစ်ပွားပြီးနောက် အာရှဒေသတွင်းရှိ မူဝါဒချမှတ်သူများသည် ကမ္ဘာ့ကုန်သွယ်ရေး အစည်ကားဆုံး ရေကြောင်းလမ်းဖြစ်သည့် မလက္ကာရေလက်ကြား အပါအဝင် အခြားသော အရေးပါသည့် ရေကြောင်းဗျူဟာမှတ် များ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအာရုံစိုက်လာကြသည်။

အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့အကြား တည်ရှိပြီး အရှည် ၉၀၀ ကီလိုမီတာ (၅၅၀ မိုင်) ရှိသော မလက္ကာရေလက်ကြားသည် အရှေ့အာရှမှ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ သွားရာ အတိုဆုံး ပင်လယ်ရေကြောင်းလမ်း ဖြစ်သည်။

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ၏ အဆိုအရ ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှု၏ ၂၂ ရာခိုင်နှုန်းခန့်သည် ဤရေလက်ကြားကို ဖြတ်သန်းနေခြင်းဖြစ်သည်။ ယင်းတွင် အရှေ့အလယ်ပိုင်းမှ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကဲ့သို့ စွမ်းအင်လိုအပ်ချက် မြင့်မားသည့် နိုင်ငံများသို့ ပို့ဆောင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများ ပါဝင်သည်။

အမေရိကန် စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန (EIA) ၏ အဆိုအရ မလက္ကာရေလက်ကြားသည် ကမ္ဘာ့အကြီးဆုံး “ရေနံသယ်ယူပို့ဆောင်ရေး ဗျူဟာမှတ်” ဖြစ်ပြီး ဟော်မုဇ် ထက်ပင် သယ်ယူပို့ဆောင်မှု ပိုမိုများပြားသည်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၂၃.၂ သန်းခန့် ဖြတ်သန်းခဲ့ပြီး ယင်းသည် စုစုပေါင်း ပင်လယ်ရေကြောင်း ရေနံစီးဆင်းမှု၏ ၂၉ ရာခိုင်နှုန်း ရှိသည်။

စင်ကာပူရေလက်ကြားရှိ ဖိလစ် ရေကြောင်းလမ်းကျဉ်း နေရာတွင် မလက္ကာရေလက်ကြားသည် ၁.၇ မိုင် (၂.၇ ကီလိုမီတာ) သာ ကျဉ်းမြောင်းသဖြင့် သဘာဝအတိုင်း ပုလင်းလည်ပင်းသဏ္ဌာန် အကျပ်အတည်းဖြစ်စေပြီး သင်္ဘောချင်းတိုက်မိခြင်း သို့မဟုတ် ရေနံယိုဖိတ်မှုများ ဖြစ်ပွားနိုင်ခြေ မြင့်မားသည်။

ထို့အပြင် နှစ်ပေါင်းများစွာအတွင်း ပင်လယ်ဓားပြတိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့်နှစ်တွင် တိုက်ခိုက်မှု ၁၀၄ ကြိမ်အထိ ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းမှတစ်ဆင့် ရေနံစိမ်းတင်သွင်းမှု ၇၅ ရာခိုင်နှုန်းခန့်သည် ဤလမ်းကြောင်းကို အသုံးပြုနေရသဖြင့် ပေကျင်းအတွက် မဟာဗျူဟာမြောက် အသက်သွေးကြောဖြစ်သည်။

အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး ပူဘာယာ ယူဒီ ဆာဒီဝါ က ရေလက်ကြားကို အသုံးပြုသည့် သင်္ဘောများထံမှ လမ်းခွန်ကောက်ခံရန် အကြံပြုမှုများ ရှိခဲ့သော်လည်း လက်တွေ့တွင် မဖြစ်နိုင်ကြောင်း ဆိုသည်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘာလာကရစ်ရှ်နန် က ရေလက်ကြားတစ်လျှောက်ရှိ နိုင်ငံများသည် ၎င်းရေလမ်းကြောင်းကို ဖွင့်လှစ်ထားရန် တူညီသော မဟာဗျူဟာ အကျိုးစီးပွားရှိကြောင်းနှင့် လွတ်လပ်စွာ ဖြတ်သန်းခွင့်ကို အာမခံကြောင်း ပြောကြားခဲ့သည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် ကလည်း ရေလက်ကြားနှင့် ပတ်သက်၍ တစ်ဦးတည်း ဆုံးဖြတ်ချက်ချ၍မရဘဲ အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲကင်းလှည့်မှုများ ဆောင်ရွက်ကာ လုံခြုံရေးကို အလေးထားဆောင်ရွက်နေကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ကိုးကား – Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed