PSM(NEWS) ဧပြီ ၂၄၊၂၀၂၆ ယူကရိန်းနိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးလိုအပ်ချက်များကို နှစ်နှစ်ကြာ ပံ့ပိုးပေးနိုင်မည့် ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) တန်ဖိုးရှိ အလုံးအရင်း ချေးငွေအစီအစဉ်ကို ဥရောပသမဂ္ဂ (EU) က ကြာသပတေးနေ့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ ဟန်ဂေရီနှင့် စလိုဗက်ကီးယားနိုင်ငံတို့သို့ အဓိကရေနံပိုက်လိုင်းမှတစ်ဆင့် ရေနံများ ပြန်လည်စီးဆင်းလာပြီးနောက် လပေါင်းများစွာ ကြာမြင့်ခဲ့သည့် နိုင်ငံရေးအရ အကျပ်အတည်းများ ပြေလည်သွားခဲ့ခြင်းဖြစ်သည်။ EU သည် ရုရှား၏ ကျူးကျော်စစ်ကြောင့် ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုအသစ်များကိုလည်း အတည်ပြုခဲ့သည်။ အဆိုပါ အစီအမံများကို ယခုနှစ်အစောပိုင်းကတည်းက ပြင်ဆင်ထားသော်လည်း ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့၏ ကန့်ကွက်မှုကြောင့် ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းနိုင်ငံသည် စစ်ဒဏ်သင့်နေသော ၎င်း၏စီးပွားရေးကို ထောက်ကူရန်နှင့် ရုရှားတပ်ဖွဲ့များကို ခုခံနိုင်ရန် အဆိုပါ ချေးငွေကို အလွန်အမင်း လိုအပ်နေသည်။ “ချေးငွေတွေကို အမြန်ဆုံး စတင်ထုတ်ပေးသွားမှာဖြစ်ပြီး ယူကရိန်းရဲ့ အရေးတကြီး လိုအပ်နေတဲ့ ဘတ်ဂျက်အတွက် အရေးပါတဲ့ အထောက်အပံ့ ဖြစ်စေမှာပါ” ဟု ဆိုက်ပရပ်စ် ဘဏ္ဍာရေးဝန်ကြီး မာကစ် ကီရာနော့စ် က ပြောကြားခဲ့သည်။ ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ ကလည်း “ကတိပေးခဲ့တယ်၊ ပေးအပ်နိုင်ခဲ့တယ်၊ အကောင်အထည်ဖော်နိုင်ခဲ့တယ်” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ယူကရိန်းကို ဖြတ်သန်းသွားသော ဒရူရှ်ဘာ ရေနံပိုက်လိုင်းမှတစ်ဆင့် ဟန်ဂေရီနှင့် စလိုဗက်ကီးယားနိုင်ငံများသို့ ရုရှားရေနံများ ပြန်လည်ဝင်ရောက်လာပြီးနောက်တွင် ယခုကဲ့သို့ ချေးငွေအတွက် မီးစိမ်းပြမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို က ယခုအခြေအနေကို “သတင်းကောင်း” အဖြစ် ကြိုဆိုခဲ့သည်။ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် သည် ယူကရိန်းဘက်က ပိုက်လိုင်းပြင်ဆင်မှုကို တမင်နှောင့်နှေးအောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သော်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး က ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ယခုအတည်ပြုလိုက်သော ပိတ်ဆို့အရေးယူမှုအသစ်များတွင် ရုရှားရေနံများကို တရားမဝင်သယ်ဆောင်နေသည့် သင်္ဘောများကို ဝန်ဆောင်မှုပေးခြင်းကို တားမြစ်ပိတ်ပင်ခြင်းများ ပါဝင်သည်။ ထို့အပြင် ရုရှား၏ “တရားမဝင်မှောင်ခိုသင်္ဘောအုပ်စု” မှ သင်္ဘောပေါင်း ၄၀ ကျော်ကိုလည်း ပစ်မှတ်ထားထားသည်။ ရုရှား၏ ထိပ်တန်းအရာရှိများ၊ ဘဏ်များနှင့် ကုမ္ပဏီပေါင်း ၂,၆၀၀ ကျော်ကို ပိတ်ဆို့အရေးယူထားပြီးဖြစ်ရာ ယခုအခါ နောက်ထပ် အဖွဲ့အစည်း ၆၀ ခန့်ကို ထပ်မံထည့်သွင်းလိုက်ပြီး ၎င်းတို့တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် ၏ နိုင်ငံရေးမဟာမိတ်များနှင့် သူဌေးကြီးများလည်း ပါဝင်သည်။ ကိုးကား-AP Post navigation ဟော်မုဇ်ရေလက်ကြားတွင် မိုင်းထောင်သည့်အီရန်လှေငယ်များကို ပစ်ခတ်ရန် သမ္မတ ဒေါ်နယ်ထရန့်အမိန့်ပေး၊ အမေရိကန်၏မိုင်းရှင်းလင်းရေးလုပ်ငန်းများကို သုံးဆတိုးမြှင့်မည် တရုတ်ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုများတွင် အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းများကို ကြားခံအသုံးချနေ