ဧရာဝတီတိုင်းမ် စက်တင်ဘာ ၇ ၊ ၂၀၂၆ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မုတ်သုံလေ အရှိန်အဟုန် သိသိသာသာ လျော့ပါးသွားပြီဖြစ်၍ မိုးရွာသွန်းမှု လျော့နည်းလာမည်ဖြစ်သော်လည်း အထက်မြစ်ရေ စီးဆင်းမှုများကြောင့် ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ် အပါအဝင် ငဝန်မြစ်ဝှမ်း ဒေသများ၌ ရေကျဆင်းမှု ဆက်လက် နှေးကွေးနေဦး မည်ဖြစ်ကြောင်း မိုးလေဝသပညာရပ်များကို လေ့လာနေသူ ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ မုတ်သုံမြောင်တန်းမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် ဆက်လက် တည်ရှိနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုးဝင်လာသည့် အနောက်တောင်မုတ်သုံလေ အရှိန် အဟုန်မှာ အားပျော့သွားခဲ့ပြီ ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန၏ မြေပြင်မိုးလေဝသ မြေပုံနှင့် ဂြိုဟ်တု ဓာတ်ပုံများအရ သိရသည်။ အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင်မူ လာမည့် စက်တင်ဘာ ၉ ရက်အတွင်း ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အထက်လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး လေဖိအားနည်း ရပ်ဝန်းအဖြစ် ဆက်လက် အားကောင်းလာနိုင်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိ မုတ်သုံမြောင်တန်း အရှိန်ကြောင့် မြန်မာနိုင်ငံ အရှေ့ဘက်ဒေသများ၊ ရှမ်းပြည်နယ်နှင့် ပဲခူးရိုးမ တောင်တန်းဝန်းကျင် ဒေသများတွင် မိုးသည်းထန်နိုင်သဖြင့် တောင်ကျရေလျှံခြင်းနှင့် မြေပြိုခြင်း အန္တရာယ်များကို အထူးသတိပြုကြရန် လိုအပ်သည်။ မိုးရွာသွန်းမှု အခြေအနေမှာ စက်တင်ဘာ ၆ ရက်မှ ၈ ရက်နေ့အထိ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် ပုံမှန် မုတ်သုံမိုးအဖြစ် မိုးအတန်အသင့် ဆက်လက် ရွာသွန်းနိုင် သော်လည်း ရွာသွန်းသည့် အကြိမ်ရေ လျော့ပါးသွားမည် ဖြစ်သည်။ ထို့နောက် စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်နေ့အထိ ကာလအတွင်း လေဖိအားနည်းစနစ်များ ကင်းစင် သွားမည်ဖြစ်၍ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု ပမာဏ သိသိသာသာ လျော့နည်းသွားမည် ဖြစ်သည်။ ဧရာဝတီတိုင်းတွင မိုးရွာသွန်းမှု ပါးသွားမည်ဖြစ်သော်လည်း စစ်ကိုင်းအထက်ပိုင်းမှ စီးဆင်းလာသည့် အထက်မြစ်ရေကြောင့် ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေမှာ ဆက်လက် မြင့်တက်နေဦးမည် ဖြစ်သည်။ ထို့ကြောင့် တာကျိုးပေါက်ထားသည့် လေးမျက်နှာမြို့နယ်နှင့် မြစ်ဝကျွန်းပေါ် အလယ်ပိုင်းဒေသများတွင် ရေကြီးရေလွှမ်းမှု ပြန်လည်ကျဆင်းရန် အလွန်နှေးကွေးနေဦးမည် ဖြစ်၍ ရေဘေးသင့် ပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကာကွယ်ရေးများကို ဂရုပြုကြရန် လိုအပ်သည်။ အလားတူ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးရေချိန် ဆက်လက် ရှိနေဦးမည်ဖြစ်၍ တောင်ခြေဒေသများနှင့် တောင်ကြားလမ်းများတွင် ရုတ်တရက် ရေလျှံခြင်း၊ တောင်စောင်း မြေပြိုခြင်း တို့အား ဆက်လက် သတိပြုရမည် ဖြစ်သည်။ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင်မူ စက်တင်ဘာ ၈ ရက်နောက်ပိုင်း မိုးပါးသွားမည်ဖြစ်ရာ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းနှင့် စစ်တောင်းမြစ်တို့အတွင်း မိုးရေစီးဝင်မှု နည်းပါးသွားပြီး မြေနိမ့်ပိုင်း ရေကြီးရေလွှမ်း မှုများ ပြန်လည် သက်သာလာမည် ဖြစ်သည်။ မြစ်ရေအခြေအနေများတွင် စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် ပဲခူးမြစ်တို့၌ ရေပြန်ကျနေပြီဖြစ်သော်လည်း စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ် အထက်တွင် ဆက်လက် ရှိနေဦးမည် ဖြစ်သည်။ ဧရာဝတီမြစ်ရေသည် ရွှေကူမှ မြင်းမူအထိ ကျဆင်းနေသော်လည်း ကျန်မြစ်ကြောင်းတလျှောက်နှင့် ငဝန်မြစ်ရေတို့မှာ အနည်းငယ်စီ ဆက်လက် မြင့်တက်နေဦးမည် ဖြစ်သည်။ ပင်လယ်ပြင် အခြေအနေအနေဖြင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၂၅ မှ မိုင် ၃၀ အထိ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့်အထိ ရှိကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ပင်လယ်ပြင်အတွင်း ခရီးသွားလာသူများနှင့် ကမ်းနီးကမ်းဝေး ရေလုပ်သားများအနေဖြင့် ရုတ်တရက် လှိုင်းကြီးလေထန်သည့် အန္တရာယ်ကို အထူးသတိပြု သွားလာကြပါရန် တိုက်တွန်းထားသည်။ Post navigation ဧရာဝတီမြစ်ကူး စင်းခန်းတံတားကို စစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ခြင်းမရှိ၍ လေကြောင်းမှ ဗုံးကြဲဖျက်ဆီး